
AB News – ဖေဖော်ဝါရီ ၁၀၊ ၂၀၂၆
ဂျပန်နိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ(Sanae Takaichi) ဦးဆောင်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာအနက် ၃၁၆ နေရာအထိ အနိုင်ရရှိခဲ့သည်။
အာဏာရ LDP ပါတီသည် အစိုးရဖွဲ့ရန် လိုအပ်သည့် အမတ်ဦးရေ ၂၃၃ နေရာထက် များစွာကျော်လွန်ရရှိခဲ့ခြင်းဖြစ်ပြီး မဟာမိတ်ပါတီများနှင့် ပေါင်းပါက လွှတ်တော်အတွင်း သုံးပုံနှစ်ပုံကျော်အထိ စိုးမိုးနိုင်ခဲ့သည်။
လာမည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အစိုးရအဖွဲ့သစ်ကို တရားဝင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝန်ကြီးချုပ် တာကာအီချီက သူမ၏ အဓိကမဲဆွယ်ကတိကဝတ်များဖြစ်သည့် စားသောက်ကုန်များအပေါ် ကောက်ခံသည့် ၈ ရာခိုင်နှုန်းသော အခွန်အား ဖယ်ရှားပေးရေးနှင့် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရေး မူဝါဒများကို မဲဆန္ဒရှင်များက အခိုင်အမာ ထောက်ခံလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တာကာအီချီ၏ အောင်ပွဲအတွက် ဂုဏ်ယူကြောင်း ချက်ချင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။