သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျပန်တွင် စစ်ဘေးရှောင်နှင့် ရင်ခွင်မဲ့ကလေးငယ်များအတွက် ရန်ပုံငွေ ရရှိစေရေး ရက္ခိုင်သင်္ကြန် ကျင်းပမည်

AB News – ဇူလိုင် ၁၀၊ ၂၀၂၅
နွယ်စိုး

ဂျပန်နိုင်ငံရောက် ရက္ခိုင်လူမှုရေးအဖွဲ့အစည်း ASAJ နှင့် အစိုးရမဟုတ်သည့် ဂျပန်လူမှုရေးအဖွဲ့အစည်း NPO တို့မှ ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များ၊ ရင်ခွင်မဲ့ကလေးသူငယ်များအတွက် ရန်ပုံငွေရရှိရန် ရက္ခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်္ကြန်ပွဲကို လာမည့် ဩဂုတ်လ ၁၀ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ Yokohama မြို့ရှိ Uminokoen ကမ်းခြေ၌ ( ASAJ )နှင့်( NPO) လူမှုရေးအဖွဲ့အစည်းများက ဦးဆောင်ကျင်းပမည်ဖြစ်ပြီး မည်သူမဆို လာရောက်အားပေးနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

ပွဲကျင်းပခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရက္ခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေကြရသူများ၊ ရင်ခွင်မဲ့ကလေးသူငယ်များနှင့် ကလေးဂေဟာများ၏ စားဝတ်နေရေးအတွက် ထောက်ပံ့လှူဒါန်းနိုင်ရန် ရန်ပုံငွေရှာဖွေရန်ဖြစ်ကြောင်းASAJ အသင်း ဥက္ကဌ ဦးမောင်သန်းက AB News သို့ပြောသည်။

“သင်္ကြန်ပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်က တိုက်ပွဲဖြစ်ပွားနေတဲ့ ရက္ခိုင်က စစ်ဘေးရှောင်တွေနဲ့ ရင်ခွင်မဲ့ ကလေးသူငယ်တွေအတွက်ပါ။ ဒီပွဲက ရလာတဲ့ ငွေတွေကိုလည်း လှူဒါန်းသွားမှာပါ” ဟု ဆိုသည်။

အဆိုပါပွဲတွင် ရက္ခိုင်ရိုးရာအဆိုအကများ၊ ရက္ခိုင်ရိုးရာရေလောင်းပွဲ၊ ရက္ခိုင်ရိုးရာအစားအစာများနှင့် အခြားပျော်ပွဲရွှင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ASAJ အဖွဲ့သည် ဂျပန်ရောက် ရက္ခိုင်များက ဂျပန်အစိုးရနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် အသင်းအဖွဲ့ဖြစ်ပြီး ရက္ခိုင်ရိုးရာသင်္ကြန်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိကာ ယခုအကြိမ်သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

“ကိုယ့်မွေးရပ်မြေ စွန့်ခွာပြီး နိုင်ငံရပ်ခြားမှာ နေထိုင်ပြီး အလုပ်လာလုပ်တဲ့ ရက္ခိုင်လူငယ်တွေ၊ ဂျပန်မှာ မွေးဖွားလာကြတဲ့ မျိုးဆက်သစ် လူငယ်တွေကို ရိုးရာယဉ်ကျေးမှုနဲ့ ထိတွေ့နေအောင်၊ ကိုယ့်ရိုးရာယဉ်ကျေးမှုကို မေ့မေ့ပျောက်ပျောက်မဖြစ်အောင်နဲ့ ထိတွေ့ခွင့်ရအောင် ကျင်းပတာဖြစ်တယ်” ဟု ၎င်းမှထပ်လောင်း ဆိုသည်။

ဂျပန်ရောက် ရက္ခိုင်လူငယ်များအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို မမေ့ပျောက်စေရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန်အတွက်လည်း ယခုကဲ့သို့ ရက္ခိုင်ရိုးရာသင်္ကြန်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ