Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂျပန်စစ်သုံးရဟတ်ယာဉ် ပင်လယ်ကျွန်းစုအနီး ပျက်ကျမှုဖြစ်ပွား၍ အမှုထမ်းအားလုံးပျောက်ဆုံးနေ

ဂျပန်စစ်သုံးရဟတ်ယာဉ် ပင်လယ်ကျွန်းစုအနီး ပျက်ကျမှုဖြစ်ပွား၍ အမှုထမ်းအားလုံးပျောက်ဆုံးနေ

ABN-ရှိုင်းမိုး

ဂျပန်နိုင်ငံအနောက်ပိုင်း အိုကီနာဝါကျွန်းစုအနီး၌ သိမ်းငှက်နက် (Black Hawk) အမည်ရှိ ဂျပန်စစ်ရဟတ်ယာဉ် ၁ စီး ပျက်ကျမှုဖြစ်ခဲ့ရာ လေယာဥ်အတွင်း ပါလာသည့် အမှုထမ်းများအားလုံးပျောက်ဆုံးနေကြောင်း ဂျပန် အစိုးရတာဝန်ရှိသူများက ဧပြီ ၇ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူဟာမာဒါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုးစားလုပ်ဆောင်နေပြီး လေယာဉ်ပျက်ကျမှုအတွင်း ပျောက်ဆုံးနေသည့် လေယာဉ်အမှုထမ်းများကို တစ်ဦးမျှ ရှာမတွေ့သေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အမှုထမ်း ၁၀ ဦး လိုက်ပါစီးနင်းလာသည့် အဆိုပါလေယာဉ်သည် ပင်လယ်ရေ ပြင်ပေါ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့က အသုံးမပြုရသေးသည့် အသက် ကယ်လှေတစီး၊ တံခါးရွက်တခုနှင့် ရဟတ်ယာဉ်မှ အပိုင်းတစ တချို့ကိုသာ ရှာတွေ့ထားကြောင်းသိရသည်။

အဆိုပါရဟတ်ယာဉ်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကူမာမိုတိုဒေသ၊ စစ်အခြေစိုက် စခန်းတွင် သယ်ယူပို့ဆောင်ရေးအတွက် အဓိက သုံးပြီး ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့က ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းများ၌ ကင်းထောက်ခြင်းများ ပြုလုပ်နေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း ကြည်းကြောင်းဆိုင်ရာ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF)အကြီးအကဲ ယာဆူနိုရီမိုရီရှိတာက ပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်ဝမ်အနီးရှိ ဒေသတွင်း၌ တရုတ်၏ အခိုင်အမာ စစ်ရေး လှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် ဂျပန် သည် ၎င်း၏ အနောက်တောင်ပိုင်း ကျွန်းစုများတွင် ကာကွယ်ရေး စွမ်းရည်ကို အပြင်းအထန် တည်ဆောက်နေကြောင်းလည်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ