ABN-ကိုဟိန်းထွန်း
ဗြိတိန်နိုငံရဲ့ ချားလ်ဘုရင် နန်းတက်ပွဲကို လာမည်မေလတွင် ကျင်းပသွားမည်ဖြစ်ရာ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အများစုကို ဖိတ်ခေါ်ထားသော်လည်း မြန်မာနှင့် ရုရှားကို ဖိတ်ကြားထားခြင်းမရှိဟု The Star သတင်းဌာနမှ ဖော်ပြထားသည်ကိုတွေ့ရသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် နတ်ရွာစံခဲ့သည့် ကမ္ဘာ့နန်းသက်အရှည်ကြာဆုံး အဲလစ်ဇဘတ် ဘုရင်မကြီး၏ စျာပနအခမ်းအနားပွဲတွင် နိုင်ငံတကာခေါင်းဆောင်များအား ဖိတ်ကြားခဲ့သော်လည်း အာဖဂန်နစ္စတန်၊ ဘယ်လာရုစ်၊ ဆီးရီးယား အပါအဝင် ရုရှားနှင့်မြန်မာတို့ကိုလည်း ဖိတ်ကြားခြင်းမရှိခဲ့သည်ကိုတွေ့ရသည်။
နန်းတက်ပွဲကို လာမည့် မေလ ၆ ရက်နေ့ကနေ ၈ရက်နေ့အထိ ဘက်ကင်ဟမ်နန်းတော်တွင် ကျင်းပပြုလုပ်သွားမည်ဟု နန်းတော်မှ ထုတ်ပြန်ထားသည်။ ၎င်းပွဲကို ကန်တာဘူရီဂိုဏ်းချုပ် ဘုန်းတော်ကြီးက ဦးဆောင်ပြီး ဝက်စ်မင်စတာ ခန်းမထဲတွင် ကျင်းပသွားမည်ဖြစ်သည်။
ဘုရင်နဲ့မိဘုရားတို့သည် ဘက်ကင်ဟမ် နန်းတော်မှ ဝက်စ်မင်စတာ ခန်းမထဲသို့ ကြွချီလာမည်ဖြစ်ပြီး ထိုပွဲတွင် မည်သည့်တော်ဝင်မိသားစုများပါဝင်မည်ကို ထုတ်ပြန်ထားခြင်းမရှိချေ။
ကမ္ဘာကျော် ဂီတပညာရှင်များနှင့် ခေတ်ပြိုင်အနုပညာရှင်များစွာပါဝင်လာမည်ဖြစ်ကာ ဖျော်ဖြေမှုကို ဘီဘီစီသတင်းဌာနမှ တိုက်ရိုက်ထုတ်လွင့်မည်ဟု ဖော်ပြချက်အရ သိရသည်။