
AB News-ဇန်နဝါရီ ၈ ၊၂၀၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ပါဒက်ရပ်ကွက်တွင် နေအိမ် ၁ လုံးမီးလောင်ပြီး အမွှာကလေး(၂) ဦး အပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးသွားကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
ယမန်နေ့၊ ဇန်နဝါရီ ၇ ရက် ညသန်းခေါင်ယံချိန် ချင်းမိုင်မြို့၊ ပါဒက်ရပ်ကွက်ရှိ လမ်းသွယ် ၁၈ ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မီးကို ကယ်ဆယ်ရေးအဖွဲ့များက ငြိမ်းသတ်ပြီးနောက် အိမ်ထဲတွင် သတိလစ်နေသော မိသားစုဝင် ၅ ဦးလုံးကို ဆွဲထုတ်ကာ အခင်းဖြစ်နေရာတွင် နှလုံးနှိုးစက် (CPR) ဖြင့် အသက်ကယ်ရန် ကြိုးစားခဲ့ကြသည်။
ထို့နောက် ချင်းမိုင်မဟာရတ်ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ဆေးရုံတွင်သေဆုံးသွားခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူများမှာ အသက် ၅ နှစ်အရွယ် အမွှာကလေး ၂ ဦး ၊အသက် ၃၈ နှစ်အရွယ် ဇနီးမောင်နှံ ၂ ဦးနှင့် အသက် ၇၀ အရွယ် အဘွား ၁ ဦးတို့ဖြစ်သည်။
အဆိုပါ နေအိမ်သည် လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ချိန်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေကြခြင်းဖြစ်သောကြောင့် အချိန်မီ ထွက်မပြေးနိုင်ဘဲ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။