Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုလမ်ဘီယာအစိုးရ တရားမဝင်လက်နက်ကိုင် အဖွဲ့ (၅) ငါးဖွဲ့နှင့် အပစ်အခတ်ရပ်စဲကြောင်း ကြေငြာ

ကိုလမ်ဘီယာအစိုးရသည် ELN ပြောက်ကျားများအဖွဲ့၊ FARC အတိုက်အခံများအဖွဲ့ နှင့် မူးယစ်ဂိုဏ်းများအပါအဝင် တရားမဝင်လက်နက်ကိုင် ငါးဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အဆင့်ကို ရောက်ရှိလာခြင်းပင်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ တိုးမြင့်လုပ်ဆောင်ရန်ကြိုးပမ်းချက်အနေဖြင့် နိုင်ငံအတွင်းလှုပ်ရှားလျှက်ရှိသော အဓိက လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲခြင်းကို ကိုလမ်ဘီယာအစိုးရက ကြေငြာလိုက်ခြင်းဖြစ်သည်။

ထိုအဖွဲ့များတွင် လက်ဝဲဝါဒီတော်လှန်ရေးအဖွဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN)၊ လက်ရှိတွင် ဖျက်သိမ်းလိုက်ပြီဖြစ်သော ကိုလမ်ဘီယာတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC) မှ စစ်မှုထမ်းဟောင်းများမှ ဦးစီးလည်ပတ်သည့် အတိုက်အခံအုပ်စုများ၊ ဆီဂင်ဒါ မာကွီတာလီယာ (Segunda Marquetalia) နှင့် အီစတာဒို မေယာစန်ထရယ် (Estado Mayor Central) စသည့် အဖွဲ့များပါဝင်ပြီး ထိုအဖွဲ့များနှင့် ၆ လကြာ အပစ်အခတ်ရပ်စဲကြောင်း ကိုလမ်ဘီယာ သမ္မတ ဂူစတာဗို ပီထရို က နှစ်သစ်ကူး စနေ့နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

သမ္မတ ဘာတွေပြောခဲ့သလဲ

ကျွန်တော်တို့ဟာ ၂၀၂၃ ဇန်နဝါရီလ (၁) ရက်နေ့ကနေ ဇွန်လ (၃၀) အထိ ELN, the Second Marquetalia, Central General Staff, ACG, Serra Nevada တို့ရဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားပြီးပါပြီ။ ဆွေးနွေးညှိနှိုင်းမှုအပေါ်မူတည်ပြီး ဆက်လက် အပစ်အခတ်ရပ်စဲရေးကို တိုးမြှင့်သွားဖို့ ရှိပါတယ် ဟု သမ္မတက Twitter တွင် ပြောကြားခဲ့သည်။

လက်ဝဲခေါင်းဆောင်ဖြစ်သူ ပြောက်ကျားဟောင်း က သည်လုပ်ရပ်သည် အလွန်သတ္တိရှိသည့် လုပ်ရပ်ဟု ခိုင်းနှိုင်းကာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များသည် ဤသဘောတူညီချက်ကို လေးစားလိုက်နာဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပ သဘောတူထောက်ခံအတည်ပြုသည့် လုပ်ငန်းစဥ်များ ပါဝင်နိုင်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အနည်းဆုံး လူပေါင်း ၄၅၀,၀၀၀သေဆုံးစေခဲ့ပြီး နှစ်ပေါင်း ၆၀ နီးပါး ဖြစ်ပွားလျှက်ရှိသော ကိုလမ်ဘီယာ ပြည်တွင်းပဋိပက္ခကို ချုပ်ငြိမ်းအောင်လုပ်ဆောင်ရန် ကိုလမ်ဘီယာ သမ္မတ ပက်ထရိုက သံဓိဌာန် ချထားပြီးလည်း ဖြစ်သည်။

လက်နက်ကိုင်အဖွဲ့များနှင့်သက်ဆိုင်သော သိသင့်သည့် အချက်များ

အမှီအခိုကင်းသော အကြံပေးအဖွဲ့ ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျူ(INDEPAZ) ပြောကြားချက်အရ ကိုလမ်ဘီယာတွင် ဆက်လက်လှုပ်ရှားလျှက်ရှိနေသော လက်နက်ကိုင်အဖွဲ့များသည် တကမ္ဘာလုံးတွင် အကြီးမားဆုံး ကိုကင်းထုတ်လုပ်သူဖြစ်ပြီး မှောင်ခိုလုပ်ငန်းများ နှင့် တခြားသော တရားမဝင်စီးပွားရေးလုပ်ငန်းများတို့ကြောင့် သတ်ဖြတ်မှုများနှင့် သံသရာလည်နေကြသည်။

အန်ဒီးယန်းနိုင်ငံတွင် နောက်ဆုံးအသိအမှတ်ပြုခံရသည့် လက်နက်ကိုင်အဖွဲ့ ELN က ခရစ်စမတ်ကာလကြောင့် ၉ ရက်ကြာ တဖတ်သတ် အပစ်အခတ်ရပ်စဲကြောင်းနှင့် ဗန်နီဇွဲလား ကာရာကတ်စ်ရှိ ပါတီနှစ်ခုကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမအဆင့်ကို ပြီးစီးသွားပြီဖြစ်ကြောင်း ယခုလ အစောပိုင်းက ကြေငြာခဲ့သည်။

Segunda Marquetalia နှင့် Estado Mayor Central အုပ်စုများသည်လည်း အစိုးရနှင့် သီးခြားစီ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

Ref DW / Colombia announces cease-fire with five illegal armed groups ကို ကျော်ဇံ ဘာသာပြန်သည်။

ကိုလမ်ဘီယာအစိုးရ တရားမဝင်လက်နက်ကိုင် အဖွဲ့ (၅) ငါးဖွဲ့နှင့် အပစ်အခတ်ရပ်စဲကြောင်း ကြေငြာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ