AB News – ဖေဖော်ဝါရီ ၁၂ ၊ ၂၀၂၆
Marlar Win
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှ ကျေးရွာတစ်ရွာတွင် စစ်ကော်မရှင် က သတ်ဖြတ်ခဲ့သည်ဟု ယူဆရသော လူအရိုးစုများကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရေတွင်းထဲမှ ဆယ်ယူရခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ ကျေးရွာအတွင်း စစ်တပ်က ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှစ၍ ၂၀၂၃ ခုနှစ်၊ မေလပိုင်းအထိ အထိုင်ချ တပ်စွဲခဲ့ကြောင်းနှင့် ယင်းကာလများအတွင်း ဘေးအနီးပတ်ဝန်းရှိ ကျေးရွာများအတွင်းမှ ရွာသား ၇ ဦး ထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ရေတွင်းထဲက လူအရိုးများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လပိုင်းတွင် စတွေ့ခြင်းဖြစ်ပြီး စစ်ရှောင်နေသည့် ပြည်သူများ ပြန်၍ လာကြည့်စဉ် တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေါင်ရိုးဟု ယူဆရသော အရိုးစု ၂ ခု နှင့်အတူ အမျိုးသားဝတ်ဘောင်းဘီတစ်ထည် တွေ့ရှိခဲ့ပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ တွင် ကရင်နီပြည်ရဲဌာန (KSP) အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ နှင့် နယ်မြေခံအဖွဲ့အစည်းတို့ ပူးပေါင်း၍ ကျန်အရိုးစုများကို ဆယ်ယူ ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ ဆယ်ယူ၍ ထုတ်ရာတွင် အရိုးစုအချို့နှင့် အမျိုးသားဝတ် ဘောင်းဘီ ၃ ထည် ၊ အမျိုးသားစီး ကတ္တီပါ ဖိနပ် ၁ စုံ နှင့် တစ်ဖက် တို့ကို တွေ့ရှိခဲ့ပြီး မည်သူမည်ဝါမှန်း အတည်ပြု၍ မရသေးကြောင်း သိရှိရသည်။
အရိုးစုများကို ကျေးရွာ ရပ်မိ ၊ ရပ်ဖ များနှင့် လူမှုကူညီကယ်ဆယ်ရေး အသင်းများ ပူးပေါင်း၍ မြေမြှုပ်သဂြိုလ်ပေးခဲ့ကြကြောင်းလည်း သိရသည်။



