သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘောဒီးယား နိုင်ငံသားများ သူလျှိုလုပ်လျှင် သေဒဏ်ပေးမည်ဟု ထိုင်း ပြော

AB News – ဩဂုတ် ၄၊ ၂၀၂၅
နွယ်စိုး

ထိုင်းနိုင်ငံတွင် နေထိုင်ဆဲ ကမ္ဘောဒီးယားနိုင်ငံသားများကို ၎င်းတို့၏အစိုးရ သို့မဟုတ် စစ်တပ်ကိုယ်စား သူလျှိုလုပ်ခြင်းမှ ရှောင်ကြဉ်ကြရန် ထိုင်းအစိုးရက အပြင်းအထန် သတိပေးလိုက်သည်။

ယင်းပြစ်မှုကို ကျူးလွန်ပါက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဩဂုတ်လ ၃ ရက်နေ့တွင် ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ဂျီရာယု ဟောင်ဆပ်က ပြောကြားခဲ့သည်။

ဂျီရာယုက ကမ္ဘောဒီးယားတပ်ဖွဲ့များသည် မောင်းသူမဲ့လေယာဉ်များ (drones) သုံး၍ ထိုင်းလေပိုင်နက်ကို ဝင်ရောက်ခြင်းမပြုရန်လည်း တိုက်တွန်းခဲ့သည်။

ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသော မောင်းသူမဲ့လေယာဉ်များကို ချက်ချင်းပစ်ချ ဖျက်ဆီးမည်ဟု ၎င်းက အခိုင်အမာ ပြောဆိုထားသည်။

ထိုင်းတော်ဝင်စစ်တပ်နှင့် အခြားသော လုံခြုံရေးအဖွဲ့အစည်းများက မောင်းသူမဲ့လေယာဉ်များကို စောင့်ကြည့်ရန်နှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် လုပ်ဆောင်မှုများကို တိုးမြှင့်ထားကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ ပြည်နယ် ၂၀ မှ အုပ်ချုပ်ရေးမှူးများအား ဗျူဟာမြောက်နေရာများဖြစ်သော ပြည်နယ်ခန်းမများ၊ လက်နက်တိုက်များ၊ ရဲစခန်းများ၊ ဘတ်စ်ကားဂိတ်များ၊ အားကစားကွင်းများနှင့် လေဆိပ်များ၏ လုံခြုံရေးကို မြှင့်တင်ရန်နှင့် မောင်းသူမဲ့လေယာဉ်များဖြင့် သူလျှိုလုပ်ခြင်းမှ ကာကွယ်ရန် ထိုင်းစစ်တပ်က အမိန့်ပေးထားသည်။

ထိုင်းဥပဒေအရ သူလျှိုလုပ်ခြင်းသည် ပြင်းထန်သောပြစ်မှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်မှာ သေဒဏ် ဖြစ်ကြောင်း သိရသည်။

လက်တွေ့တွင် နိုင်ငံခြားသူလျှိုများကို ထောင်ချပြီးနောက် ပြန်လွှတ်ပေးခြင်း၊ နိုင်ငံမှ နှင်ထုတ်ခြင်းနှင့် အမည်ပျက်စာရင်းသွင်းခြင်းတို့ ပြုလုပ်လေ့ရှိသည်ဟု ဂျီရာယုက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်း၏ အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) သည်လည်း နယ်စပ်တစ်လျှောက် သူလျှိုမောင်းသူမဲ့လေယာဉ်များ၏ လှုပ်ရှားမှုများကို ထောက်လှမ်းဟန့်တားရန်အတွက် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၁၅ ရက်အထိ နိုင်ငံတစ်ဝန်းလုံးတွင် မောင်းသူမဲ့လေယာဉ်ပျံသန်းမှုကို ပိတ်ပင်ထားသည်။

ထိုင်း မောင်းသူမဲ့လေယာဉ်များ ကမ္ဘောဒီးယားလေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချီယက်တာ၏ စွပ်စွဲချက်များကို ဂျီရာယုက ငြင်းဆိုခဲ့သည်။

“ထိုင်းနိုင်ငံက မောင်းသူမဲ့လေယာဉ်လုပ်ငန်းအားလုံးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်၊ အထူးသဖြင့် ထိလွယ်ရှလွယ် နယ်စပ်ဇုန်တွေမှာပါ။ ကျွန်တော်တို့မှာ အိမ်နီးချင်းတွေရဲ့ လေပိုင်နက်ကို မောင်းသူမဲ့လေယာဉ်တွေနဲ့ ဝင်ရောက်ဖို့ မူဝါဒမရှိပါဘူး။ ကျ​နော်တို့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကလို မောင်းသူမဲ့လေယာဉ်တွေနဲ့ ကျူးကျော်ဝင်ရောက်ဖို့ မလိုအပ်တော့တဲ့ ခေတ်မီစောင့်ကြည့်နည်းပညာတွေ ပိုင်ဆိုင်ထားပါတယ်” ဟု ဂျီရာယုက ရှင်းပြသည်။

ထိုင်းနိုင်ငံသည် မည်သည့်နိုင်ငံကိုမှ ကျူးကျော်ဝင်ရောက်ခြင်းမပြုဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကိုသာ ကာကွယ်ရန် အပြည့်အဝဆုံးဖြတ်ထားကြောင်း ဂျီရာယုက အလေးအနက် ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ