Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘာ့ဝင်ရိုး ရွေ့လျားသွားလောက်အောင် မြေအောက်ရေအလွန်အကျွံ ထုတ်ယူသုံးစွဲနေကြ

ABN – ကျော်ဇံ (ဘာသာပြန်)

ဇွန်လ – ၂၈ ရက် ၊ ၂၀၂၃ ခုနှစ်

လူသားများ မြေအောက်ရေ ကို မတင်းတိမ်နိုင်လောက်အောင် အလိုရှိခြင်းကြောင့် ကမ္ဘာ့မြေပေါ်ရှိ သိုမှီးလျှက်ရှိသည့် ရေပမာဏ အများအပြားကို စုပ်ယူခြင်းကို ဖြစ်စေပြီး ကမ္ဘာကြီးတိမ်းစောင်းခြင်းကို သက်ရောက်မှုရှိစေသည် ဟု လေ့လာမှု အသစ်တရပ်က ဆိုသည်။

မြေအောက်ရေသည် လူများနှင့် ကျွဲနွား၊တိရစ္ဆာန်များ အတွက် သောက်သုံးရေ အဖြစ်သည့် အသုံးပြု၍ ရသည့်အပြင် မိုးရေရှားပါးသည့် ဒေသများတွင် စိုက်ပျိုးရေးအတွက်လည်း အထောက်အကူပြုသည်။

သို့ရာတွင် ဆယ်စုနှစ်တစ်ခုကျော် မြေအောက်ရေကို အဆက်မပြတ် အလွန်အကျွံထုတ်ယူခြင်းက ကမ္ဘာကြီးလည်ပတ်စေသော ဝင်ရိုးကို ရွေ့လျားသွားစေပြီး တစ်နှစ်လျှင် ၁.၇ လက်မ (၄.၃ စင်တီမီတာ) နှုန်းဖြင့် အရှေ့ဖက်ကို ရွေ့သွားစေသည်ဟု လေ့လာမှုအသစ်တစ်ရပ်တွင် ဖော်ပြထားသည်။

ဤကဲသို့ ရွေ့လျားမှုကြောင့် ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာစေပြီး ကမ္ဘာမြေမျက်နှာပေါ်တွင်ပင် မြင်တွေ့နိုင်သည် ဟု ဘူမိဗေဒဆိုင်ရာ လေ့လာမှု ရေးသားချက်များ (Geophysical Research Letters) ဂျာနယ်တွင် ဇွန်လ ၁၅ ရက်နေ့က ဖော်ပြခဲ့သော စာတမ်းတွင် သုတေသန ပညာရှင်များက အစီရင်ခံထားကြသည်။

“ကမ္ဘာကြီးရဲ့ လှည့်လည်နေတဲ့ ဝင်ရိုးက တကယ်တမ်းကျ အများကြီး အပြောင်းအလဲရှိပါတယ်၊ ရာသီဥတုနဲ့ ဆက်စပ်တဲ့ အပြောင်းအလဲတွေထဲမှာမှ မြေအောက်ရေပြန်လည်ထုတ်ယူခြင်းက လည်ပတ်နေတဲ့ ကမ္ဘာ့ဝင်ရိုးအပေါ် အကြီးမားဆုံး သက်ရောက်မှု ရှိစေတယ် ဆိုတာ ကျွန်တော်တို့ရဲ့ လေလာမှုစစ်တမ်းက ပြသနေပါတယ်” ဟု ထိုစစ်တမ်းကို ဦးဆောင်ရေးသားသူ Ki-Weon Seo က ဆိုခဲ့ပြီး Ki Woen Seo မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ကမ္ဘာ့သိပ္ပံ ပညာရေးဌာမှ ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။

ကမ္ဘာကြီး၏ ပြောင်းလဲနေသော ဝင်ရိုး

သင့်အနေဖြင့် ကမ္ဘာကြီး၏ လည်ပတ်ခြင်းကို ခံစားမိချင်မှ မိလိမ့်မည်။ သို့ရာတွင် ကမ္ဘာကြီးသည် တစ်နာရီလျှင် ၁,၀၀၀ မိုင် (၁,၆၀၉ ကီလိုမီတာ) နှုန်းဖြင့် အနောက်-တောင်ဝင်ရိုးစွန်းတွင် လည်ပတ်နေသည်။

ဒီရေအတက်၊အကျ၊ ရာသီဥတု အပြောင်းအလဲများသည် ကမ္ဘာကြီး၏ လည်ပတ်နေသည့် ဝင်ရိုးတိမ်းစောင်းမှု နှင့် ဆက်စပ်နေသည်။ ဘူမိဗေဒဆိုင်ရာအပြောင်းအလဲများနှင့် မှတ်သားထားသည့် အချိန်ကာလနှင့် ပတ်သက်၍ လည်နေသည့် ဝင်ရိုးက တကမ္ဘာလုံးအတိုင်းအတာဖြင့် ရာသီဥတုအပေါ် သက်ရောက်နိုင်စွမ်းရှိသည် ဟု NASA ၏ Jet Propulsion Laboratory မှ သုတေသန သိပ္ပံပညာရှင် Surendra Adhikari က ထိုထုတ်ပြန်ချက်တွင် ဆိုထားသည်၊ သို့ရာတွင် ထိုသုတေသန စစ်တမ်းတွင် သူမပါဝင်ခဲ့ပါ။

ကမ္ဘာ့အတွင်းပိုင်းအလွှာတွင် အလွန်သိပ်သည်းပြီး ပူလောင်သော ဗဟိုဝင်ရိုးကို ပတ်လည်ဝန်းရံထားသည့် ကျောက်များ၊ ချော်ရည်များဖြင့် ခင်းကျင်းတည်ရှိသည်။ သို့ရာတွင် အပြင်ပိုင်း ကျောက်အလွာတွင် အလွန်ပမာဏများပြားသည့် ရေထုရှိသည်။ ကမ္ဘာ့မြေမျက်နှာပြင်အောက်တွင် ရေအောင်းလွှာ ဟု ခေါ်ဆိုသည့် ရေရှိသည့် ကျောက်အလွာတွင် ကမ္ဘာမြေပေါ်ရှိ မြစ်များ၊ ရေကန်များတွင်ရှိသည့် ရေထက် အဆ ၁,၀၀၀ ကျော်ထက်များပြားစွာ ရှိနိုင်သည် ဟု ခန့်မှန်းထားကြသည်။​

၁၉၉၃ နှင့် ၂၀၁၀ ခုနှစ်အကြားဖြစ်သည့် လေ့လာမှုပြုလုပ်ခဲ့သည့် အချိန်ကာလအတွင်း လူသားတို့သည် ကမ္ဘာမြေကြီးထဲမှ မြေအောက်ရေပမာဏ ၂,၁၅၀ gigatons ကျော် ထုတ်ယူခဲ့သည် ပြီး အများစုမှာ အိန္ဒိယ အနောက်မြောက်ပိုင်းနှင့် မြောက်အမေရိက အရှေ့ဖက်တို့တွင် အများဆုံးဖြစ်သည်ဟု ၂၀၁၀ တွင် ထုတ်ဝေခဲ့သည့် ခန့်မှန်းချက်တွင် ဆိုသည်။ ပိုပြီးနားလည်အောင် ပြောရပါက ၂,၁၅၀ Gigatons ဆိုသော ရေပမာဏ ကို ပင်လယ်ထဲသို့ သွန်ချလိုက်ပါက ကမ္ဘာ့ရေမျက်နှာပြင်မှာ ၀.၂၄ လက်မ (၆ မီလီမီတာ) အထိ တိုးမြင့်သွားနိုင်သည့် ပမာဏပင်ဖြစ်သည်။

၂၀၀၃ ခုနှစ်နှင့် ၂၀၀၁၅ ခုနှစ်အကြား ကမ္ဘာကြီး၏ ဝင်ရိုး ရွေ့လျားခြင်းသည် ကမ္ဘာကြီး၏ ရေထုပမာဏကို ထိန်းသိမ်းထားသည့် ရေခဲပြင်ကြီးများ၊ ရေခဲလွှာများတွင် အလွန်ကြီးမားသော အပြောင်းအလဲများနှင့် ဆက်စပ်နိုင်သည် ဟု ၂၀၁၆ ခုနှစ်တွင် နောက်ထပ် သုတေသန ပညာရှင်အဖွဲ့တစ်ခုက တွေ့ရှိခဲ့ကြသည်။

လေထုဖိအားအပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့် ကြီးမားသည့် ပြောင်းလဲမှုမျိုးမဆို လှည့်လည်နေသော ကမ္ဘာ့ဝင်ရိုးကို သက်ရောက်မှု ရှိနိုင်ကြောင်း Seo က CNN သို့ ပို့သည့် အီးမေးတစ်ခုတွင် ဆိုထားသည်။

သို့ရာတွင် လေထုဖိအားအပြောင်းအလဲကြောင်း ဖြစ်သည့် ကမ္ဘာ့ဝင်ရိုး အပြောင်းအလဲမှာ ရံဖန်ရံခါသာ ဖြစ်တတ်ပြီး ဝင်ရိုးစွန်းက လည်သွားလိုက်၊ ပြီးလျင် နဂိုအနေအထားကို ပြန်ရောက်လာလိုက်ခြင်းများ ရှိသည်ဟု Seo က ရှင်းပြသည်။ Seo နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များတွင် ဝင်ရိုးနှင့် ပတ်သက်၍ ရေရှည်အပြောင်းအလဲများ အကြောင်း မေးခွန်းများ ရှိခဲ့ကြပြီး တိတိကျကျ ဆိုရပါက မြေအောက်ရေသည် မည်ကဲ့သို့ ထိုသဘောသဘာဝ ကို ဖြစ်စေသည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုအချက်ကို ရှေ့က လေ့လာမှုများတွင် မခန့်မှန်း မတွက်ဆ ထားကြပေ။

မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်း၏ အကျိုးသက်ရောက်မှုများကို ဖော်ထုတ်ခြင်း

ကမ္ဘာ့ဝင်ရိုးတွင် ရွေ့လျားမှု ရှိခြင်းကို အာကာသတွင် မရွေ့မလျားတည်ရှိသော အရာများ(Quasars) ကို ရေဒီယိုတယ်လီစကုပ်ဖြင့် လေ့လာစောင့်ကြည့်ခြင်းမှ တဆင့် တဆင့်ခံ တိုင်းတာပြီး ၄င်းတို့ကို ပုံသေ သတ်မှတ်သည့် ရည်ညွန်းနေရာများအဖြစ် အသုံးပြုသည် ဟု ဆိုသည်။ လေ့လာမှု အသစ်အတွက် သိပ္ပံပညာရှင်များသည် မြေအောက်ရေထုတ်ယူခြင်းဆိုင်ရာ ၂၀၁၀ အချက်အလက်ကို ယူပြီး ကမ္ဘာမြေမျက်နှာပြင်ရှိ ရေခဲလွှာများ ဆုံးရှုံးခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ လှည့်လည်နေသည့် ဝင်ရိုး အပြောင်းအလဲ ခန့်မှန်းချက်များနှင့် အတူ ကွန်ပျူတာ မော်ဒယ်များအဖြစ် ထည့်သွင်းပေါင်းစပ်ထည့် သွင်းခဲ့ကြသည်။

ထို့နောက် သိပွံပညာရှင်များသည် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုတစ်ခုတည်းကြောင့် ကမ္ဘာ့ဝင်ရိုး မည်မျှရွေ့လျားမှုရှိသည်ကို အတိအကျဖော်ထုတ်ရန် ထိုကွန်ပျူတာ မော်ဒယ်မှ ကြီးမားသည့် မြေအောက်ရေ အပြောင်းအလဲများကို အသုံးပြုကာ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲခြင်းများကို သုံးသပ်တွက်ချက်ခဲ့ကြသည် ဟု Seo က ဆိုသည်။

ထိုကွန်ပျူတာ မော်ဒယ်များ တွက်ချက်မှုအရ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုမပြည့်ခင်အတွင်း မြေအာက်ရေ ထုတ်ယူသုံးစွဲခြင်းက ကမ္ဘာကြီး၏ လှည့်လည်နေသည့် ဝင်ရိုးစွန်းကို အရှေ့ဖက်သို့ ၃၁ လက်မခန့် (၇၈.၇ စင်တီမီတာ) တိမ်းစောင်းသွားစေသည် ဟု ဖော်ပြခဲ့သည်။

လှည့်လည်နေသည့် ကမ္ဘာ့ဝင်ရိုးအတွင်း ရေရှည်အပြောင်းအလဲများကို ဖြစ်ပေါ်စေသည့် အထင်ရှားဆုံးသော အချက်မှာ ကမ္ဘာ့ကြားလွှာပြောင်းလဲမှု (Mantle flow) ဖြစ်သည်။ တနည်းအားဖြင့် ကမ္ဘာတွင် Crust , Mantle , Core ဟူ၍ အလွှာသုံးလွှာရှိပြီး အပြင်လွှာ (Crust) နှင့် အတွင်းလွှာ (Core) ကြားရှိ အလွှာတွင် ချော်ရည် (အရည်ပျော်နေသော ကျောက်) များ၏ ရွေ့လျားမှုပင် ဖြစ်သည်။

“ဒီအချက်က တကယ့်ကောင်းမွန်တဲ့ အချက်အလက်ဖြစ်ပြီး အရေးကြီးတဲ့ အထောက်အထား တစ်ခုလည်း ဖြစ်ပါတယ်၊ ဒီအရာတွေကပဲ ကမ္ဘာ့ဝင်ရိုး ရွေ့လျားမှုနဲ့ ပတ်သက်ပြီး မြေအောက်ရေ ထုတ်ယူခြင်းရဲ့ အရေးကြီးပုံကို တွက်ချက်ပြခဲ့ပြီး တကယ့်ထူးခြားတဲ့ အချက်လည်း ဖြစ်ပါတယ်” ဟု Adhikari က ဆိုသည်။

အတိတ်က ဖြစ်ပျက်ခဲ့သည့်အရာများကို ဖော်ပြရန်တွက် ကမ္ဘာလည်ပတ်ပုံနှင့် ပတ်သက်ပြီး စောင့်ကြည့်လေ့လာမှုများကို နောင်အနာဂတ်တွင် တွက်ချက်လာမည့် ပုံစံများတွင် အသုံးပြုနိုင်သည် ကြောင်း Seo က ဆိုသည်။ သည် အချက်အလက်များသည် ၁၉ ရာစုကတည်းကပင် ရရှိနေခြင်းဖြစ်ကြောင်း သူက ဆိုသည်။ ထိုအချက်အလက်များနှင့်အတူ သိပ္ပံပညာရှင်များသည် လွန်ခဲ့သော နှစ်တစ်ရာ ကျော်ကပင် ရာသီဥတု ပူနွေးလာမှုကဲသို့ ဂြိုလ်များတည်ရှိသည့် စနစ်အတွင်း အပြောင်းအလဲတို့ကို ခြေရာခံနိုင်ရန်၊ အချိန်နောက်ဆုတ်ကာ ကြည့်နိုင်သည် ဟု ဆိုသည်။

မြေအောက်ရေထုတ်ယူမှု သည် အထူးသဖြင့် ရာသီဥတု အပြောင်းအလဲကြောင့် မိုးခေါင်ရေရှားသည့် မှုကို အကြီးအကျယ်ခံစားရသည့် ဒေသများတွင် တသက်တာလုံး ထုတ်ယူသုံးစွဲခြင်းမျိုး ဖြစ်နိုင်သည်။ သို့ရာတွင် မြေအောက်တွင် ရေသိုလှောင်ထားမှုမှာ အကန့်အသတ်သာ ရှိသဖြင့် လုံးဝ ခမ်းခြောက်သွားနိုင်ပြီး ထိုရေများ ပြန်လည် ပြည့်ရန် ကြန့်ကြာနှေးကွေးတတ်သည်။

ထို့အပြင် မြေအောက်ရေ ထုတ်ယူသုံးစွဲခြင်းသည် တန်ဖိုးရှိသော အရင်းအမြစ်တစ်ခုကို လျော့နည်းသွားစေရုံမျှသာ မဟုတ်ဘဲ ထိုကဲ့သို့ မြေအောက်ရေ ထုတ်ယူခြင်းကြောင့် မမျှော်လင့်ထားသည့် ကမ္ဘာကြီးတစ်ခုလုံးကို ထိခိုက်စေသော အကျိုးဆက်များ ရှိသည် ဟု လေ့လာမှု အသစ်များက ဖော်ပြနေကြသည်။

“ကျွန်တော်တို့ဟာ ကမ္ဘာ့မြေကြီး ဂေဟစနစ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ထိခိုက်အောင် လုပ်ခဲ့ကြပြီးပါပြီ၊ လူတွေ ဒါကို သတိပြုကြဖို့ လိုပါတယ်” ဟု Seo က ဆိုသည်။​

Ref – CNN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ