Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာမည့် အိန္ဒိယသည် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို အလုံအလောက် ဖန်တီးပေးနိုင်မလား

ABN – ခိုင်ထွန်း

ယခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကိုကျော်တက်သွားလာနိုင်ဖွယ်ရှိနေပေသည်။ နှစ် (၆၀) အတောအတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်တွင် တရုတ်၏လူဦးရေ လျော့နည်းလာမှုထုတ်ပြန်ချက်ကြောင့် အိန္ဒိယ၏ဖြစ်နိုင်ခြေသည် လအနည်းငယ်အချိန်ကာလအတွင်း ပြီးခဲ့သည့်အင်္ဂါနေ့တွင် ပို၍မြင့်မားလာခဲ့သည်ဟု ဆိုရပေမည်။

အဆိုပါပြောင်းလဲမှုသည် လူဦးရေ ၁.၄ ဘီလီယံကျော် ပိုင်ဆိုင်ထားကြသည့် အာရှကျားနှစ်ကောင်အား စီးပွားရေးအရ အရေးပါသော ဂယက်ရိုက်ခတ်မှုကိုယ်စီ ဖြစ်ပေါ်စေခဲ့သည်။

တရုတ်တွင် အလုပ်သမားအင်အားနည်းပါးလာမှုနှင့် အငြိမ်းစားဝန်ထမ်းတိုးပွားလာမှုတို့သည် နိုင်ငံ၏စိန်ခေါ်မှုအသစ်တစ်ခုအဖြစ် မီးမောင်းထိုးပြနေပြီး ရာစုထက်ဝက်လုနီးပါးအတွင်း အဆိုးဝါးဆုံးသော စီးပွားရေးတိုးတက်မှုကိန်းဂဏန်းတစ်ခုအဖြစ်ကို အချက်အလက်များက ညွှန်ပြနေခဲ့သည်။

စီးပွားရေးပညာရှင်များနှင့် သုတေသနပညာရှင်များက အလုပ်သမားအင်အားများပြားလာခြင်းသည် အိန္ဒိယအတွက် တဟုန်ထိုးဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုကို အထောက်အပံ့ဖြစ်စေသည်ဟု ဆိုကြသည်။

သို့သော်လည်း နှစ်စဥ်နှစ်တိုင်း အလုပ်ခွင်သို့ဝင်ရောက်နေကြသည့် လူငယ်လုပ်သား သန်းပေါင်းများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ဖန်တီးမှုမှာ လွယ်ကူမည်မဟုတ်ခြင်းကြောင့် နိုင်ငံအတွက် လက်လွတ်ဆုံးရှုံးမှုတစ်ခုဖြစ်မည်ကို ပူပန်နေကြရသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏အဆိုအရ ၂၀၂၁ ခုနှစ်တွင် တောင်အာရှနိုင်ငံများ၏ လုပ်သားအင်အားသည် သန်း (၉၀၀) ကျော်ရှိခဲ့ပြီး အိန္ဒိယအစိုးရက ၎င်းပမာဏသည် နောက်ထပ်ဆယ်စုနှစ်တစ်ခုတွင် (၁) ဘီလီကျော်ခန့်ရှိလာနိုင်သည်ဟု ခန့်မှန်းထားခဲ့သည်။

အကယ်၍ တာဝန်ရှိသူများမှ အလုပ်အကိုင်အခွင့်အလမ်းလုံလောက်စွာ ဖန်တီးမပေးနိုင်ခဲ့လျှင် အဆိုပါကိန်းဂဏန်းများသည် နိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။ အိန္ဒိယတွင် လစာနည်းပါးမှုနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် တိုးပွားလာသောလူဦးရေများအတွက်ပင် အလုပ်မရှိသည်ကို အချက်အလက်များက သက်သေထူနေပေသည်။

ကမ္ဘာ့ဘဏ်၏အဆိုအရ ၂၀၂၁ ခုနှစ်တွင် အိန္ဒိယ၏ လုပ်ငန်းခွင်ရှိလုပ်သားများနှင့် အလုပ်ရှာဖွေနေသူများအပါအဝင် လုပ်သားအင်အား ပါဝင်မှုနှုန်းခန့်မှန်းချက်သည် (၄၆) ရာခိုင်နှုန်းရှိပြီး အာရှတွင် အနည်းဆုံးအခြေအနေဖြစ်သည်။ ထိုနှစ်တွင်ပင် တရုတ်၌ (၆၈) ရာခိုင်နှုန်းနှင့် အမေရိကန်၌လည်း (၆၁) ရာခိုင်နှုန်း အသီးသီးရှိခဲ့ကြသည်။

အိန္ဒိယ၏ အမျိုးသမီးလုပ်သားအင်အားပါဝင်မှုနှုန်းမှာလည်း စိုးရိမ်ဖွယ်ရာဖြစ်နေပြီး၂၀၂၁ ခုနှစ်တွင် (၁၉) ရာခိုင်နှုန်းသာရှိခဲ့သည်။ ကမ္ဘာ့ဘဏ်၏အချက်အလက်များအရ ၂၀၀၅ ခုနှစ်ထက် (၂၆) ရာခိုင်နှုန်းခန့် သိသိသာသာလျော့နည်းသွားခဲ့သည်ဟု သိရသည်။

စီးပွားရေးပါမောက္ခ Chandrasekhar Sripada က “အိန္ဒိယဟာ ချိန်ကိုက်ဗုံးတစ်လုံးနဲ့တူတယ် ၊ အချိန်တိုအတွင်းမှာ အလုပ်အကိုင် အလုံအလောက် ဖန်တီးမပေးနိုင်ရင် လူထုဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်တယ်” ဟူ၍ ပြောကြားခဲ့သည်။

အစိုးရထက်ပို၍ သတင်းအချက်အလက်များကို ပုံမှန်ထုတ်ပြန်နေသည့် မွန်ဘိုင်းအခြေစိုက် လွတ်လပ်သောအိန္ဒိယစီပွားရေးစောင့်ကြည့်ရေးစင်တာ (CMIE) က အိန္ဒိယတွင် အလုပ်လက်မဲ့လူဦးရေသည် ဒီဇင်ဘာလ၌ (၈.၃) ရာခိုင်နှုန်းရှိခဲ့ပြီး အမေရိကန်တွင်လည်း ယမန်နှစ်အတွင်း အလုပ်လက်မဲ့ဦးရေ (၃.၅) ရာခိုင်နှုန်းအထိရှိခဲ့သည်ဟုဆိုသည်။

“အိန္ဒိယဟာ လူဦးရေအများဆုံးကိုပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တယ်၊ ယနေ့ကမ္ဘာမှာ အရင်းအမြစ်ရှားပါမှုဆိုတာ မရှိပါဘူး ၊ တဟုန်ထိုးဖွံဖြိုးမှုကို အထောက်အကူပြုဖို့အတွက် လုပ်သားရင်းမြစ်အလွယ်တကူရရှိနိုင်ခြင်းကို ရှားရှားပါးပါးအခွင့်အရေးအဖြစ် အကျိုးရှိရှိအသုံးချခြင်းဟာ အိန္ဒယအတွက် အကောင်းဆုံးပဲ ဖြစ်တယ်၊ ဒါပေမယ့် အခွင့်အရေးဟာ လက်လွတ်ဆုံးရှုံးရတော့မလို ဖြစ်နေတယ် ” ဟူ၍ (CMIE) ၏ CEO ဖြစ်သူ Mahesh Vyas က မနှစ်ကရေးသားခဲ့သည့် ပိုစ့်တွင်ဖော်ပြထားခဲ့သည်။

“အိန္ဒိယ၏အလုပ်လက်မဲ့ဦးရေများပြားရခြင်း နောက်ကွယ်မှာ အရည်အသွေးမြင့် ပညာရေးချို့တဲ့မှုဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှပါဝင်နေတယ် ၊ ပညာရေးစနစ်မှာ မူဝါဒချမှတ်သူတွေဟာ ကြီးမားတဲ့အရှုံးနဲ့ ရင်ဆိုင်နေရတယ် ” ဟု Sripada ကပြောခဲ့ပြီး အိန္ဒိယလူ့အဖွဲ့အစည်းမှာ တီထွင်ဖန်တီးတွေးခေါ်ခြင်းထက် ကြက်တူရွေးစာကျက်နည်းကိုသာ ပို၍ဦးစားပေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အလုပ်အကိုင်ရှားပါးခြင်းနှင့် ပညာရေးနိမ့်ပါးမှုတို့၏ ဘေးထွက်ဆိုးကျိုးအဖြစ် ရိုးရိုးဘွဲ့ရရှိသူများ၊ ပါရဂူဘွဲ့ရရှိသူများသည် တစ်လလျှင် ဒေါ်လာ (၃၀၀) အောက်သာရရှိကြသည့် ရုံးစာရေး၊ သာမာန်လယ်ယာအလုပ်သမား အစရှိသည့် အစိုးရအလုပ်များဖြင့်သာ ဘဝနိဂုံးချုပ်နေကြရသည်။

Sripada က ” တာဝန်ရှိသူတွေက ပြဿနာကိုလက်ခံစဥ်းစားပြီး ဖန်တီးမှု၊ ကျွမ်းကျင်မှုတွေအပေါ် ဦးစားပေးပြီး လက်တွေ့လုပ်ဆောင်လာခြင်းဟာ သတင်းကောင်းပဲဖြစ်တယ်၊ ဒါပေမယ့် မူဝါဒသစ်ရဲ့ အကျိုးရလဒ်တွေကို မမြင်ရခင်ကာလအတွင်းကပဲ ဖြစ်ပါလိမ့်မယ် ” ဟူ၍ ထပ်လောင်းပြောကြားခဲ့သည်။

အာရှ၏တတိယအကြီးဆုံးစီပွားရေးကို ပိုင်ဆိုင်ထားသည့် အိန္ဒိယသည် တစ်နိုင်ငံလုံး၏စီးပွားရေးအခြေအနေကို နားလည်သိရှိနိုင်စေရန် လယ်ယာစိုက်ပျိုးရေးမဟုတ်သည့် အခြားအလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးရန် လိုအပ်သည်။ အိန္ဒိယ၏လုပ်သားအင်အား (၄၅) ရာခိုင်နှုန်းကျော်သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည်ကို ယခင်အစိုးရ၏အချက်အလက်များက ဖော်ပြနေပေ သည်။

၂၀၃၀ ခုနှစ်တွင် အိန္ဒိယ၌ အလုပ်သမားအသစ်များကို စည်းရုံးသိမ်းသွင်းနိုင်ရန်အတွက် စိုက်ပျိုးရေးမဟုတ်သည့်အလုပ်အကိုင် အနည်းဆုံး သန်း (၉၀) ကျော် ဖန်တီးပေးရန်လိုအပ်သည်ဟု McKinsey Global Institute ၏ အစီရင်ခံစာအရ သိရသည်။ အဆိုပါ အလုပ်အကိုင်အခွင့်အလမ်းများကို ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် ဖန်တီးပေးနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

တရုတ်နှင့် အနောက်နိုင်ငံများကြား အားပြိုင်နေကြချိန်တွင် အိန္ဒိယသည် Apple ကဲ့သို့ နိုင်ငံတကာကုမ္ပဏီကြီးများကို ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုအချို့ကို တိုးတက်အောင်မြင့်တင်နိုင်ခဲ့သော်လည်း စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ၏ (၁၄) ရာခိုင်နှုန်ခန့်သာရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

လာမည့်မတ်လတွင် သက်တမ်းကုန်ဆုံးမည့် ဘဏ္ဍာရေးနှစ်တွင် GDP ၏ (၆.၈) ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားကြသောကြောင့် တောင်အာရှနိုင်ငံများသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုအတိုးတက်ဆုံးသော အဓိကနိုင်ငံများဖြစ်လာမည်ကို မျော်လင့်နေကြသည်။ သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုများမှာ လုံလောက်ဖုံလုံမှုမရှိဟု ကမ္ဘာ့ဘဏ်ဝန်ထမ်းဟောင်းတစ်ဦးမှ ပြောဆိုထားသည်။

” အဆိုပါ တိုးတက်မှုများထဲမှာ အလုပ်လက်မဲ့ဦးရေများပြားလာခြင်းလည်း ပါဝင်ပါတယ် ၊ အလုပ်အကိုင်ဆိုတာ စီးပွားရေးအတွက် အဓိကလိုအပ်ချက်တစ်ခုပါ ၊ လူတိုင်းဟာ ဆော့ဝဲလ်ပရိုဂမ်မာတစ်ယောက် သို့မဟုတ် အကြံပေးတစ်ယောက်ဖြစ်ဖို့မလိုအပ်ပါ ၊ ဒါပေမယ့် သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်တခုရှိဖို့တော့ ရှိကိုရှိရမယ် ” ဟု ဘဏ်အုပ်ချုပ်ရေးမှုးဟောင်း Raghuram Rajan က မီဒီယာများကို ပြောကြားခဲ့သည်။

အကျိုးအမြတ်ရှိပြီး ထုတ်လုပ်နိုင်စွမ်းကောင်းသော အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) သည် လာမည့်ဆယ်စုနှစ်အတောအတွင်း နှစ်စဥ်နှစ်တိုင်း (၈) ရာခိုင်နှုန်း နှင့် (၈.၅) ရာခိုင်နှုန်း ကြားတွင်ရှိရန်လိုအပ်သည်ဟု McKinsey Global Institute ၏အစီရင်ခံစာအရ သိရသည်။

CNN သတင်းဌာနမှ India is set to become the worlds most populous country. Can it create enough jobs? သတင်းဆောင်းပါးကို ခိုင်ထွန်း ဘာသာပြန်ဆိုသည်။

ကမ္ဘာ့လူဦးရေအများဆုံးဖြစ်လာမည့် အိန္ဒိယသည် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို အလုံအလောက် ဖန်တီးပေးနိုင်မလား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။