Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘာ့ဖလားအတွက် ဂျာစီအကျီတွေကို ဘယ်သူတွေ လုပ်ပေးတာလဲ (ဘာသာပြန်ဆောင်းပါး)

ကမ္ဘာကျော် အက်ဒီးဒက် ကုမ္မဏီကြီးအတွက် အားကစားအဝတ်အထည်တွေထုတ်ပေးရတဲ့ မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေဟာ တစ်ရက်ကို သုံးဒေါ်လာအောက်သာ ဝင်ငွေရကြပါတယ်။ လစာတိုးမြှင့်ပေးဖို့ တောင်းဆိုလို့ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေ ရှိနေတယ်လို့လည်း တချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကမ္ဘာ့ဖလားပွဲစတင်ကျင်းပတဲ့အခါ သန်းချီတဲ့ ပရိတ်သတ်တွေဟာ နိုက်ကီ၊ အက်ဒီးဒက်တို့လို ကုမ္ပဏီကြီးတွေက ရောင်းချတဲ့ ဒီနှစ်ကမ္ဘာ့ဖလားအတွက် တရားဝင်ထုတ်လုပ်တဲ့ဘောလုံးဂျာစီတွေကို ဒေါ်လာ ၉၀ ကနေ ၁၅၀ထိပေးပြီး ဝတ်ဆင်ကြပါတယ်၊ သစ်လွှင်တောက်ပတဲ့ အားကစားယူနီဖောင်းတွေ ဝတ်ဆင်ထားကြတဲ့ ကစားသမားတွေဟာ ပြောင်လက်နေတဲ့ခြေနင်းခုံတွေနဲ့ဖိနပ်ကို စီးထားကြပြီး အဲဒီဖိနပ်တွေဟာ ပြန်ရောင်းရင် ဒေါ်လာ ၂၀၀ကျော်ထိ ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ အားကစားဝတ်စုံတွေနဲ့ ဖိနပ်တွေကို လုပ်ပေးရတဲ့ လူတွေက ဝင်ငွေဘယ်လောက်များ ရကြပါသလဲ။

အက်ဒီးဒက်အတွက် အားကစားဖိနပ်တွေ ထုတ်လုပ်ပေးတဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ပေါက်ချန်းအုပ်စု စက်ရုံမှာ လုပ်နေတဲ့ အလုပ်သမားပေါင်း ၇၈၀၀ လောက်ကတော့ တရက်ကို ၂.၂၇ ဒေါ်လာ (သို့) မြန်မာငွေ ၄၈၀၀ ကျပ်သာ ရတယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှရဲ့ အထည်ချုပ်လုပ်သား သန်း ၄၀ ထဲက အများစုဟာ ဆက်လက်ရုန်းကန်နေရတာကို မြန်မာစက်ရုံတွေ မီးမောင်းထိုးပြနေပြီး အဲဒီလုပ်သားတွေဟာ ဆိုးရွားတဲ့ လုပ်ငန်းခွင်အခြေအနေနဲ့ မမျှတတဲ့ လုပ်ခလစာဒဏ်ကို ရင်ဆိုင်နေကြတာ အတော်ကြာခဲ့ပါပြီ။

ပြီးရင် ကိုဗစ်ကပ်ရောဂါကလည်း သူတို့ရဲ့အခြေအနေကို ပိုဆိုးသွားစေခဲ့တာပါ။ အခုဆိုရင် ကမ္ဘာ့အကြီးဆုံးအားကစားပွဲကြီးကို ကျင်းပနေချိန်ဖြစ်ပြီး အလုပ်သမားတချို့ရဲ့ လုပ်ငန်းခွင်အခြေအနေတွေ တိုးတက်ကောင်းမွန်ဖို့ ကြိုးပမ်းမှုတွေဟာ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ၊ အပြစ်ပေးအရေးယူမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက အလုပ်သမားတွေရဲ့ တနေ့လုပ်အားခ ၃.၇၈ ဒေါ်လာခန့်ရဖို့ တောင်းဆို ဆန္ဒပြပြီးနောက် စက်ရုံမန်နေဂျာတွေဟာ အခင်းဖြစ်ပွားရာသို့ စစ်သားတွေကိုခေါ်ခဲ့ပြီး နောက်ပိုင်းမှာ အလုပ်သမား ၂၆ ယောက်ကိုလည်း စက်ရုံမှ အလုပ်ဖြုတ်ခဲ့ပါတယ်။

အဲဒီအလုပ်ဖြုတ်ခံရတဲ့ ၂၆ယောက်ထဲမှာ အလုပ်သမားသမဂ္ဂက ၁၆ယောက်ပါဝင်ပြီး အလုပ်သမား ၂၀၀၀ ကျော်ပါဝင်တဲ့ ဆန္ဒပြမှုကို ဦးဆောင်ခဲ့တယ်လို့ ယူဆရပါတယ်။

စစ်ကောင်စီကနေ ဒီမိုကရက်တစ်ဆန်တဲ့ လုပ်ဆောင်ချက်တွေကို ဖြိုခွင်းဖို့ ရှာဖွေနေကြတဲ့အချိန် အလုပ်သမားအသင်းအဖွဲ့မှာ ပါဝင်တဲ့ လုပ်သားတွေကို အပြစ်ပေးအရေးယူဖို့ အခွင့်အလမ်းတွေကို စက်ရုံတွေက အသုံးချနေတာလို့ ထင်တဲ့အကြောင်း အလုပ်သမားလေးငါးယောက်က ပြီးခဲ့တဲ့ အပတ်က အင်တာဗျူးတွေမှာ ပြောပြကြပါတယ်။

တချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှုနဲ့ တန်ဖိုးနည်းလာတဲ့ ငွေကြေးပြဿနာဟာ မြန်မာနိုင်ငံကလူတွေ ရဲ့ ရှင်သန်ရပ်တည်ရေးကို ခြိမ်းခြောက်နေကြပါတယ်။ လွန်ခဲ့တဲ့နှစ်က အာဏာသိမ်းစဥ်ကတည်းကပင် ကျပ်ငွေတန်ဖိုးဟာ ဒေါ်လာငွေတန်ဖိုးနှင့်စာလျှင် ၅၀ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ရပြီး ကုန်စျေးနှုန်း၊ သွားရေးလာရေး ခရီးစရိတ် နဲ့ နေထိုင်မှုစရိတ်တွေဟာ မိုးထိုးအောင်တက်ခဲ့ပါတယ်။ ကျန်းမာရေးချူချာတဲ့ အလုပ်သမားတစ်ဦးက သူမဟာ အစာမစားရဘဲ ၃ ရက်လောက်ထိနေခဲ့ရပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေက စားစရာယူလာတဲ့အခါမှသာ စားခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ထပ် အသက် ၂၂နှစ်အရွယ် အလုပ်ပြန်ရဖို့မျှော်လင့်နေတဲ့ မိန်းကလေးအလုပ်သမားတစ်ဦးက လုပ်ငန်းခွင်အခြေအနေကို ဖွင့်ပြောလာပါတယ်။ သူမ အလုပ်ရှင်ရဲ့ လက်တုန့်ပြန်မှုကို ကြောက်တဲ့အတွက် သူမရဲ့အမည်ကို လျှို့ဝှက်ထားပါတယ်။

သူမက ကျွန်မတို့ဟာ မိသားစုတွေ အသက်ရှင်နိုင်ဖို့အတွက် သူတို့ထံငွေပို့ဖို့၊ အိမ်ငှားခတွေပေးဖို့အကြောင်းစဥ်းစားမိရင် အရမ်းကို စိုးရိမ်သောက ရောက်ရပါတယ်။ အရင်ကလည်း အရမ်းကိုခက်ခဲတဲ့အတွက် လစာလေးအပိုတောင်းကြတာပါ။ အခုအချိန် အလုပ်မရှိတဲ့အတွက် ပိုပြီးခက်ခဲလာကြပါတယ်။ ကျွန်မက စားဖို့သောက်ဖို့တောင် မတတ်နိုင်တော့ပါဘူး လို့ ဆိုပါတယ်။

ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ ပေါက်ချန်းစက်ရုံ ဌာနချုပ်က အီးမေးကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ကုမ္ပဏီဟာ အလုပ်သမားတွေအတွက် လစာငွေပေးချေမှု၊ အလုပ်သမားတွေရဲ့ ကိစ္စရေးရာတွေကို ဆောင်ရွက်တဲ့အခါ ဒေသတွင်းထုတ်ပြန်ထားတဲ့ ဥပဒေ၊စည်းမျဥ်းစည်းကမ်းတွေကို လေးစားလိုက်နာခဲ့ကြောင်း၊ အပြန်အလှန်ပူးပေါင်းသည့်အနေနှင့် အလုပ်သမားများ၏ အခွင့်အရေးကို လေးစားလိုက်နာခဲ့ကြောင်း ကုမ္ပဏီဖက်က ပြောထားပါတယ်။

အဲဒီ အီးမေးမှာ အထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို ရည်ညွန်းပြီး ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအရ တောင်းဆိုသူတွေနဲ့ဆိုင်တဲ့ ခုံရုံးဖွဲ့စစ်ဆေးဆုံးဖြတ်တဲ့အဆင့်ကို ဖြတ်ကျော်ဖို့လိုပါမယ် လို့ ပြောပါတယ်။

ဒါ့အပြင် အက်ဒီးဒက် ကုမ္ပဏီကလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လာပြီး အက်ဒီးဒက် အနေနဲ့ ဒီလိုမျိုးအလုပ်ဖြုတ်လိုက်တာကို အပြင်းအထန်ကန့်ကွက်ပြီး ဒါဟာ ကုမ္ပဏီရဲ့ လုပ်ငန်းခွင် အဆင့်အတန်း၊ အလုပ်သမားတွေရဲ့ လွပ်လပ်စွာစုဝေးခြင်းကို ထိန်းသိမ်းမှုအပေါ် ကုမ္ပဏီကထားရှိတဲ့ ကတိကဝတ်တွေကို ချိုးဖောက်လိုက်တာဖြစ်ကြောင်း၊ အက်ဒီးဒက်အနေနဲ့ စက်ရုံတွေရဲ့ မတရားလုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးနေပြီး ပေါက်ချန်း လုပ်ငန်းစုအနေနဲ့ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေကို ချက်ချင်း အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုကြောင်း ပါရှိပါတယ်။

အနောက်တိုင်း ဖက်ရှင်နှင့် အားကစား အမှတ်တံဆိပ် အများစုဟာ ကိုယ်ပိုင်ထုတ်လုပ်တဲ့ စက်ရုံတွေကို မပိုင်ဆိုင်ကြပါဘူး။ သူတို့ဟာ အဝတ်အထည်တွေ ထုတ်လုပ်ဖို့အတွက် ပုဂ္ဂလိကစက်ရုံတွေ၊ ထုတ်လုပ်ပေးသူတွေနဲ့ စာချုပ်ချုပ်ဆိုကြရပြီး အများစုကတော့ ဆင်းရဲပြီးမတိုးတက်တဲ့ နိုင်ငံတွေမှာ အခြေစိုက်ကြပါတယ်။ ဆိုလိုတာက အဲဒီ ဖက်ရှင်နဲ့အားကစားတံဆိပ်တွေဟာ အဲဒီအလုပ်သမားတွေရဲ့ လုပ်ငန်းရှင်မဟုတ်တဲ့အတွက် သူတို့ဟာ အလုပ်သမားတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်ခံရမှုအတွက် ဥပဒေလမ်းကြောင်းအရ တာဝန်မရှိဘူးလို့ ဆိုပါတယ်။

H&M, အက်ဒီးဒက်နဲ့ နိုက်(ကီ)တို့လို တချို့ကုမ္ပဏီတွေဟာ အဝတ်အစား၊ ပစ္စည်းတွေအတွက် စက်ရုံဆိုင်ရာအချက်အလက်တွေကို ထုတ်ပြန်ပြီး သူတို့ရဲ့ ထုတ်လုပ်မှုလမ်းကြောင်းတွေကို ပိုရှင်းလင်းအောင်လုပ်ထားကြပါတယ်။

အက်ဒီးဒက်ဟာ ကမ္ဘာ့ဖလားဆိုင်ရာပစ္စည်းထုတ်လုပ်မှုအတွက် သီးခြားစာရင်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အားကစားပစ္စည်းတွေထုတ်လုပ်တဲ့ နိုက်(ကီ) က အမေရိကန်၊ အင်္ဂလန်၊ ဘရာဇီးလ် အပါအဝင် ကမ္ဘာ့ဖလားအသင်း ၁၃ သင်းအတွက် ထုတ်လုပ်ထားပြီး ကမ္ဘာ့ဖလားဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုအတွက် သီးခြားစာရင်းမထုတ်ပြန်ထားတဲ့အတွက် ဘယ်နေရာမှာထုတ်လုပ်သလဲဆိုတာကို ခြေရာခံဖို့ ခက်ခဲပါတယ်။

ဒါ့အပြင် ထုတ်လုပ်သူများနဲ့ဆိုင်တဲ့ ပွင့်လင်းမြင်သာမှုကလည်း အလုပ်သမားအုံကြွမှုနဲ့ ရင်ဆိုင်နေရတဲ့ ဖက်ရှင်ထုတ်လုပ်မှုလမ်းကြောင်းမှာ တာဝန်ခံပေးတာမရှိပါဘူး။ ဒါတွေဟာ အလုပ်သမားသမဂ္ဂဖွဲ့တာ (သို့) အဖွဲ့ဝင်တွေတိုးလာတာကို တားမြစ်ပိတ်ပင်ဖို့၊ နှောင့်ယှက်ဖို့ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေပါလို့ ဆိုပါတယ်။

ဗြိတိသျှဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်နဲ့ အက်ဒီးဒက်အတွက် ဘောလုံးအင်္ကျီလုပ်ရန် အလုပ်သမားပေါင်း ၂၈၀၀ လုပ်ကိုင်နေတဲ့ ကမ္ဘောဒီးယားနိုင်ငံရှိ စက်ရုံတစ်ရုံဖြစ်တဲ့ ထရက်စ် အပ်ပရာယ် ဟာ ၂၀၂၀ခုနှစ်မှာ အလုပ်သမား ၈ယောက်ကို ထုတ်ပယ်ခဲ့ပါတယ်။

အလုပ်သမားတွေဟာ ပိုမိုကောင်းမွန်တဲ့အခြေအနေကို ရှာဖွေဖို့ အလုပ်သမား သမဂ္ဂဖွဲ့တဲ့အတွက်လို့ဆိုပါတယ်။ စက်ရုံရဲ့ စီမံခန့်ခွဲသူတွေက အလုပ်သမားသမဂ္ဂအနေနဲ့ တခြားသူတွေကို ပြန်လည်အလုပ်ခန့်တာ၊ လစာငွေအပြည့်ပေးတာကို တိုက်ခိုက်တာမျိုးမလုပ်ဖို့ သဘောတူမှသာ (၈)ယောက်ထဲက လေးယောက်ကို ပြန်အလုပ်ခန့်မယ်လို့ ဆိုထားပါတယ်။ တခြားရွေးချယ်စရာမမြင်တဲ့အတွက် အလုပ်သမား သမဂ္ဂအနေနဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်ရုံမှာ စက်ချုပ်ပြီး တနေ့ကို ၇ ဒေါ်လာလောက် ဝင်တဲ့ အသက် ၄၁နှစ်အရွယ် ဆိုဖေရှောင်က ကျွန်မ ဟာ စက် ဖုန်းခေါ်လာမလား စောင့်နေခဲ့ပါတယ်၊ ဒါပေမယ့် မခေါ်ပါဘူး၊ နောက်ထပ်အလုပ်တစ်ခုရဖို့ ၁နှစ်ခွဲကျော် ကြာခဲ့ပါတယ်၊ ကျွန်မရဲ့ ကလေးနှစ်ယောက်ကို ထောက်ပံ့ပေးဖို့ ၊ ချေးငွေထုတ်ယူနိုင်ဖို့ မောင်နှမတွေကို အကူအညီတောင်းခဲ့ရပါတယ်၊ ခုဆိုရင် အဲဒီချေးငွေတွေကို ပြန်ဆပ်နိုင်ဖို့ မနည်းရုန်းကန်နေရပါတယ် လို့ ပြောပါတယ်။

ကျွန်မ တို့ဟာ အကာအကွယ်လိုအပ်တယ်ဆိုတာကို သိတဲ့အတွက် အလုပ်သမားသမဂ္ဂအပေါ် ယုံကြည်မှုရှိပါတယ်၊ ရက်ပေါင်းများစွာ ငိုပြီးရင်း ငိုနေရတာပါပဲ” လို့လည်း သူမက ဆက်ပြောပါတယ်။

အဲဒီပြောကြားချက်အပေါ် မှတ်ချက်ပေးဖို့ တောင်းခံခဲ့ပေမယ့် ထိုင်းမှာနေတဲ့ ထရက်စ် အက်ပရယ်လ် ကုမ္ပဏီရဲ့ပိုင်ရှင်တွေက တုန့်ပြန်မှုမရှိကြပါဘူး။

အထည်ချုပ်အလုပ်သမားတွေရဲ့ အကျပ်အတည်းဟာ ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ တကယ့်အရေးကြီးတဲ့ လူမှုရေးပြဿနာလေးငါးခုထဲက ထင်ရှားလာတဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ရွေ့ပြောင်းလုပ်သားတွေအပေါ် ကျူးလွန်တဲ့ အထောက်အထားတွေ၊ လိင်တူချစ်ကြိုက်မှုအပေါ် အာဏာရှင်ဆန်တဲ့ ပြစ်ဒဏ်ခတ်တာတွေအပါအဝင် လူအခွင့်အရေးနဲ့ဆိုင်တဲ့ ပြဿနာတွေအတွက် ကာတာနိုင်ငံအပေါ် ဝေဖန်သံတွေ မုန်တိုင်းထန်ခဲ့ပါတယ်။

ဂျာမဏီ၊ အင်္ဂလန်အပါအဝင် ဥရောပနိုင်ငံ (၇)နိုင်ငံဟာ LGBTတွေအပါအဝင် လူနည်းစုတွေအပေါ် ထောက်ခံမှုကို ပြသတဲ့အနေနဲ့ One Loveစာသားပါ သက်တန့်ရောင် လက်ပတ်တွေကို ဝတ်ဆင်ဖို့ စီစဥ်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်မခံနိုင်ကိစ္စကိုလုပ်ရင် အပြစ်ပေးအရေးယူတဲ့အနေနဲ့ အဲဒီလိုလက်ပတ်ကို ဝတ်ဆင်တဲ့ ဘယ်ကစားသမားမဆို အဝါကတ်ပြခံရမှာဖြစ်ပြီး လက်ပတ်ဝတ်ဆင်တာဟာ ကစားပွဲအတွက် ချမှတ်ထားတဲ့ တင်းကြပ်တဲ့ ယူနီဖောင်းဆိုင်ရာစည်းကမ်းတွေကို ချိုးဖောက်ရာကျတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပြောကြားပြီးနောက် ပြီးခဲ့တဲ့အပတ်က အစီအစဥ်ကို ပြန်ရုပ်သိမ်းလိုက်ရပါတယ်။

Newyork Times တွင်ဖော်ပြသည့် Who made your World Cup Jersey? ဆောင်းပါးကို ABN သတင်းဌာနမှ ကျော်ဇံမှ ဘာသာပြန်ထားသည်။

ဓာတ်ပုံ-EPA/AP/NYT

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ