
ABN – သူရမောင်
ကမ္ဘာ့ဖလားနဲ့ အင်္ဂလိပ် Premier League ပွဲများတွင် ကစားခဲ့သည့် ကမ္ဘာကျော် ဘောလုံးသမား Christian Atsu မှာ တူရကီငလျင်အတွင်း ပြိုကျနေသည့်အဆောက်အဦးများအောက်တွင် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူ၏တူရကီ ဘောလုံးအသင်းက စနေနေ့ကထုတ်ပြန်လိုက်သည်။
အသက် ၃၁ နှစ်အရွယ် ဂါနာနိုင်ငံသား ဘောလုံးသမား Atsuမှာ ငလျင်လှုပ်ခဲ့သည့် ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကပင် ပျောက်ဆုံးသွားခဲ့ပြီး Hatay မြို့က ပြိုကျနေသည့် တိုက်ခန်းအဆောက်အဦးအပျက်အစီးများကြားမှာ သူ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
Atsu ၏အစ်ကိုနှင့် အမွှာပူးညီမတို့မှာ သူ့ကိုရှာတွေ့သည့်နေရာတွင် ရှိနေခဲ့ကြသည်။ သူ့၏ရုပ်အလောင်းကို သဂြိုဟ်ရန် ဂါနာကိုပြန်လည်သယ်ဆောင်သွားမည်ဖြစ်သည်ဟု ဂါနာနိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုလိုက်သည်။
၎င်းမှာ တူရကီဘောလုံးသင်း Yataysporတွင် ပြီးခဲ့သည့် စက်တင်ဘာလက စတင်ကစားခဲ့ခြင်းဖြစ်သည်။ ငလျင်မတိုင်မီ ၁ ရက်အလိုမှာ တူရကီတောင်ပိုင်းကို လေယဉ်နဲ့ခရီးထွက်ရန်ရှိခဲ့သော်လည်း ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာ တူရကီကလပ်အသင်း ပြိုင်ပွဲဖြစ်သည့် Super Lig ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် အသင်းနဲ့အတူဆက်နေရန် ဆုံးဖြတ်ခဲ့သည်ဟု အသင်းမန်နေဂျာက ပြောသည်။
Atsu သည် ၂၀၁၂ ခုနှစ်ကနေ ၂၀၁၉ အတွင်း ဂါနာနိုင်ငံအတွက် နိုင်ငံတကာပွဲပေါင်း ၆၅ ပွဲအနိုင်ရအောင် ကစားပေးခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ ဂါနာအသင်းကနေ ကစားခဲ့သည်။ ထို့အပြင် အင်္ဂလိပ် Premier League ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် Everton၊ Chelsea၊ Newcasle United တို့တွင်လည်း ကစားခဲ့သူဖြစ်သည်။
