PDF ရဲဘော် တစ်ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီတပ်သားများ အုပ်စုလိုက် အနိုင်ကျင့် နှိပ်စက်နေသည့် ရုပ်သံတစ်ခု လူမှုကွန်ယက်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
ရုပ်သံတွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးနှိပ်စက်ခံနေရသည့် DPF ရဲဘော်၏ အမည်မှာ နိုင်ဝင်းမြင့်ဖြစ်ပြီး အသက် ၁၉ နှစ်ရှိပြီး ဖြစ်ကြောင်း CDF-KKG တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ထိုရုပ်သံဗီဒီယိုဖိုင်များမှာ စစ်ကောင်စီတပ်သားများမှ CDF-KKG တပ်ဖွဲ့သိမ်းဆည်းရထားသော ဖုန်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရုပ်သံဖိုင်တွင် PDF ရဲဘော်အား မြန်မာတပ်မတော် စစ်သားများ အုပ်စုလိုက် ဝိုင်းပြီး နှိပ်စက်ထားသောကြောင့် မျက်လုံး ၂ ဖက်လုံးမှ သွေးများ ယိုစီးနေပြီး မျက်လုံးများမှာလည်း ရောင်ရမ်းနေသည်ကို တွေ့ရသည်။
ထို့အပြင် နှာခေါင်းမှ သွေးများမှာလည်း စီးဆင်းနေပြီး မျက်နှာနှင့် နားထင်များမှာလည်း ရောင်ရမ်းနေသည်ကို တွေ့ရသည်။
၎င်းအပြင် ထို PDF ရဲဘော်အား “မေမေလာကယ်ပါ၊ အရေးတော်ပုံကျရှုံးရမည်” ဟု ဝိုင်းရိုက်နှိပ်စက်နေသည့် စစ်ကောင်စီတပ်သားများကို အတင်းအဓမ္မ ဆိုခိုင်းနေသည်ကိုလည်း တွေ့ရသည်။
ရုပ်သံဖိုင်မှာ လူအများကြည့်ရှုရန် မသင့်တော်သည့်အတွက် ABN သတင်းဌာနမှ ထိုရုပ်သံအား ထုတ်လွှင့်ခြင်း မလုပ်ခြင်းဖြစ်သည်။

