

ABN-ထက်မြတ်ခင်
အောက်တိုဘာ ၃ရက်
KNUအုပ်ချုပ်မှုနယ်မြေဖြစ်သည့် ဆောထိမြို့နယ်အတွင်း နေထိုင်သော အရပ်ပြည်သူ (၃) ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး (၂) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု အောက်တိုဘာလ ၁ရက်နေ့က KNUမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူတို့မှာ ဆောထိမြို့နယ် ပုဇွန်မြောင်းကျေးရွာမှ အသက် ၄၁နှစ်အရွယ် ဦးမင်းမင်း၊ အသက် ၄၄နှစ်အရွယ် ဦးကြီးနှင့် အသက် ၃၂အရွယ် ဖြိုးဝေဦး တို့ဖြစ်ကြောင်းဖော်ပြထားသည်။
၎င်းတို့ ၃ဦးကို စက်တင်ဘာလ ၂၉နေ့က ဖမ်းဆီးပြီး စက်တင်ဘာလ ၃၀ရက်နေ့တွင် ၎င်းတို့ ၃ဦးထဲမှ ဦးမင်းမင်းနှင့်ဦးကြီးကို စစ်ကောင်စီက ရက်စက်စွာသတ်ဖြတ်ခဲ့ရပြီး ဦးဖြိုးဝေဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
စစ်ကောင်စီတပ်မ ခမရ ၂၀တပ်ရင်းသည် KNUအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ ဆောထိ(ရွှေကျင်)မြို့နယ် ပုဇွန်မြောင်း ကျေးရွာတွင်တပ်စွဲထားသည်ဟုဖော်ပြထားသည်။