AB News – မတ် ၁၆၊ ၂၀၂၅
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တပ်ဖွဲ့များက ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီအခြေစိုက် စခန်းများကို သိမ်းပိုက်ပြီးနောက် ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်မာဒုက္ခသည် ၄၃၇ ဦး နေရပ်သို့ ပြန်ခွင့်ရခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် အကူအညီပေးရေးအဖွဲ့များနှင့် ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များသည် ဖေဖော်ဝါရီ ၂၆ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီ၏ ပူးလူးတူ အခြေစိုက်စခန်းကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ စတင်ခဲ့သည်။ ထိုတိုက်ပွဲများကြောင့် အရပ်သား ၅၀၀ နီးပါး ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
မတ်လ ၁၄ ရက်နေ့တွင် KNLA ဦးဆောင်သော တပ်ဖွဲ့များက ခလရ ၃၁၊ အမှတ် ၁၂၄၈ ပူးလူးတူ အခြေစိုက်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးပြီး ၁၁ ဦး ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်။
ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသော မြန်မာဒုက္ခသည် ၄၃၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်ဟု ဖော်ပြထားသည်။