Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
CNF /CNA ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီက ရှုတ်ချ ၊စစ်ကောင်စီက အပစ်ခတ်ရပ်စဲခြင်းသည် အလိမ်အညာသာဖြစ်ကြောင်းပြော

ချင်းပြည်နယ် ရှိ ချင်းအမျိုးသားတပ်မတော်(CNF)ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန်ရှုတ်ချပြီး စစ်ကောင်စီ၏ အပစ်ခတ်ရပ်စဲခြင်းသည် အလိမ်အညာသာဖြစ်ကြောင်းနှင့် စစ်အာဏာရှင်ချေမှုန်းရေးအတွက် အစွမ်းကုန်တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း တရား၀င်ကြေညာထားသည်။

ယမန်နေ့ ဇန်န၀ါရီ ၁၀ ရက်နေ့ ညပိုင်း ၄ နာရီ ခွဲအချိန်တွင် အိန္ဒိယနယ်စပ်၊ချင်းပြည်နယ် ထန်တလန်တွင် ရှိသည့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CAN) ကို စစ်ကောင်စီတပ်မှ တိုက်လေယာဥ် ၅ စီးဖြင့် လာရောက်ဗုံးကြဲခဲ့ရာ CNF ရဲဘော် အမျိုးသမီး၂ ဦး နင့် အမျိုးသား ၃ ဦးကျဆုံးပြီး ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီရဟတ်ယဥ်များသည် အိန္ဒိယ လေပိုင်နက်ထဲမှ ပစ်ခြင်းဖြစ်ပြီး ဗုံးတစ်လုံးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဖာရ်ရော်ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရသည်၊

စစ်ကောင်စီက ဤကဲ့သို့ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သော CNF ဌာနချုပ်အပါအ၀င် ချင်းပြည်အတွင်း လေကြောင်းဖြင့်တိုက်ခိုက်မှုများသည် နိုင်ငံရေးအရ မှားယွင်းသည့် လုပ်ရပ်ဖြစ်သည်သာမက လူမဆန်သောလုပ်ရပ်တစ်ခုဖြစ်ပြီး ချင်းလူမျိုးအပါအ၀င် တိုင်းရင်းသားပြည်သူလူထုများ၏ လိုလားချက်များကို နိုင်ငံရေးနှင့် အဖြေမရှာ လိုသောစစ်ကောင်စီ၏ သဘောထားကို အတိအလင်းဖော်ပြပြီး ၂၀၂၃ နှစ်ကုန်အထိ ကြေညာချက်ထုတ်ထားသော အပစ်ခတ်ရပ်စဲရေးသည် အလိမ်အညာသာဖြစ်ကြောင်းကို ၎င်းတို့ကိုယ်တိုင် ၀န်ခံနေခြင်းသာဖြစ်သည်ဟု ပြောထားသည်။

ထို့အပြင် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းလိုသည့် ချင်းလူမျိုးတို့၏ နာကြည်းချက်နှင့် သန္နိဌာန်ကို အားသစ်လောင်းရာဖြစ်ပြီး ယခုလက်ရှိအချိန်သည် ချင်းလူမျိုးများ၏ အရေးကြီးသောအချိန်ဖြစ်ကာ အနာဂတ် ချင်းလူမျိုးတို့၏ သမိုင်းလှပရေးအတွက် ပြည်သူများနှင့် ချင်းတော်လှန်ရေးအသီးသီးတို့ အချင်းချင်း စည်းလုံးညီညွတ်စွာ လက်တွဲ၍ ဘုံရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားကြရန် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက တိုက်တွန်းထားသည်။

ချင်းအမျိုးသားတပ်ဦးသည် မြန်မာတပ်မတော်နဲ့ ၂၀၁၂ ခုနှစ်ကတည်းက NCA အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့်အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့သော တပ်မတော်တစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်