AB News – ဒီဇင်ဘာ ၅ ၊ ၂၀၂၄
ရက္ခိုင်ပြည် ၊ ဘူးသီးတောင်မြို့နယ် ၊ ဆင်စွယ်ရ (သက္ကမ) ကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့ ဝင်ရောက်ပြီး အမျိုးသမီးငယ် ၁ ဦးအား သတ်ဖြတ်ပြီး အမျိုးသား ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ် ၅ ဆောင်ကို မီးရှိုးဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့ ၊ ညဥ့် ၁၀ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် ARSA အဖွဲ့ဝင် ၁၀ ဦးကျော်ခန့်သည် ဆင်စွယ်ရကျေးရွာသို့ ဝင်ရောက်ပြီး အမျိုးသမီးငယ် ၁ ဦးအား သတ်ဖြတ်ကာ နောက်ထပ်ရွာသား ၃ ဦးအား ဖမ်းဆီးသွားကြောင်း ခိုင်လုံသတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက် ARSA အဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီးငယ်မှာ အသက် ၁၆ နှစ်အရွယ်ရှိ မခင်ဝင်းဖြစ်သည်။
၎င်းအား ARSA အဖွဲ့ဝင် (၁၀) ဦးကျော်က ဦးခေါင်းကို ဓားဖြင့်ခုတ်သတ်ခဲ့သည်ကို တွေ့ရကြောင်း သတင်းရင်းမြစ်က AB News သို့ပြောသည်။
“သူတို့က လူစိတ်တစ်စက်မျှမရှိကြဘူး။ တအားရက်စက်ကြတယ် ။ ခေါင်းကို ဓားနဲ့ခုတ်သတ်ခဲ့ကြတာ” ဟုဆိုသည်။
ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသော အမျိုးသားများမှာ အဖ ကျော်မောင်၏သား အသက် ၂၂ နှစ်အရွယ် မောင်မောင်ဌေး ၊အဖ ဦးလှမောင်၏သား အသက် ၂၆ နှစ်အရွယ် ရဲကိုကို နှင့် အဖ ကျော်လှ၏သား အသက် ၃၉ နှစ်အရွယ် ဦးလှဝင်းဖြစ်ကြောင်းသိရှိရသည်။
၎င်းတို့အား ARSA အကြမ်းဖက် အဖွဲ့ဝင်များက နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်သွားခြံခံရသော အမျိုသား ၃ ဦးအား အာရက္ခတပ်တော် AA မှ လိုက်လံရှာဖွယ်သော်လည်း မတွေ့ရှိသေးကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
“အာဆာအဖွဲ့တွေ ဖမ်းဆီးသွားတဲ့ လူငယ်တွေကို အာရက္ခတပ်တော် AA က လိုက်ရှာပေးနေကြပါတယ်။အာရက္ခတပ်တော် AA ကလည်း နေ့၊ ညမအား လိုက်ရှာနေကြတာပါ” ဟုဆိုသည်။
ထို့အပြင် အကြမ်းဖက် ARSA အဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ် ၅ ဆောင်ကိုလည်း မီးရှိုးဖျက်ဆီးခဲ့သည်။ နေအိမ် ၃ ဆောင်အား အာရက္ခတပ်တော် AA နှင့် ရွာသားများပူးပေါင်းပြီး မီးငြိမ်းနိုင်ခဲ့ပြီး ကျန် ၂ ဆောင်မှာ မီးလောင်ပြာကျပျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ၊ ညနေ ၄ နာရီ အချိန်ခန့်တွင်လည်း အကြမ်းဖက် ARSA အဖွဲ့ဝင်များ၏ လက်နက်ငယ်ကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မောင်တောမြို့နယ် ၊ အောင်ဇေယျ ကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် အမျိုးသား ၄ ဦး အမျိုးသမီး ၃ ဦးတို့သည် တေဘာကားဖြင့် တောင်ပြိုမြို့မှ စျေးဝယ်၍ အပြန် တောင်ပြို-မီးတိုက်ရွာကြား ကားလမ်းမ၌ အကြမ်းဖက် ARSA အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ၂ ဦးသေဆုံးပြီး ၊ ၃ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိအချိန်တွင် အကြမ်းဖက် ARSA အဖွဲ့များသည် ပြည်သူများနေထိုင်သည့် ရပ်ရွာထဲ့သို့ ဝင်ရောက်ပြီး ၊ပြည်သူများအား ညှင်းပမ်းနှိပ်စက်နေခြင်းကို အရေးယူဆောင်ရွက်ပေးကြရန် ပြည်သူလူထုများက တောင်းဆိုကြသည်။