AB News – ဧပြီ ၉၊ ၂၀၂၅
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့ (ARSA) ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် ဒေသခံပြည်သူ ၄ ဦး၏ မိသားစုဝင်များကို ဧပြီလ ၆ ရက်နေ့တွင် အာရက္ခတပ်တော်(AA)က အခမ်းအနားပြုလုပ်၍ ကူညီထောက်ပံ့ပေးခဲ့ကြောင်း AB News မှ စုံးစမ်းသိရှိရသည်။
၎င်းအခမ်းအနားသို့ သေဆုံးသူ၏ မိသားစုဝင်များ၊ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ နှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနဆိုင်ရာအသီသီးအပြင် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
မောင်တောမြို့နယ် မြဝတီ(ခမီ)ကျေးရွာမှ အောက်ဂန္ဒရူးကျေးရွာသို့ သွားသည့် ဘူးသီးတောင်မြို့နယ် အိုဗြို(ခမီ)ကျေးရွာမှ ဦးမောင်ဘ၊ ဂုပ္ပီ(ခမီ)ကျေးရွာမှ မောင်သာအေးကျော်၊ အောက်ဂန္ဒူးကျေးရွာမှ ကိုမောင်ကြီးအပြင် မောင်တော်မြို့ မြိတ်ဝ(ခမီ)ကျေးရွာမှ ကိုအောင်နိုင်ထွန်း တို့ကို မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ARSA အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ထို့အပြင် သေဆုံးနေသည့် ရုပ်အလောင်းများကိုလည်း မေယုတောင်၊ ဘဒဂါးတောင်ကျော်လမ်းတွင် စွန့်ပစ်ထားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုကြသည်။
အကြမ်းဖက် မူဆလင်လက်နက်ကိုင်အဖွဲ့ (ARSA) သည် ရက္ခိုင်-ဘင်္ဂလားဒေ့ချ် နယ်စပ်များတွင် သွားလာလှုပ်ရှားနေပြီး ဘူးသီးတောင်၊ မောင်တောမှ ဒေသခံပြည်သူများအပေါ် အမျိုးမျိုးသောအကြမ်းဖက်လုပ်ရပ်များအပြင် ကင်းလှည့်နေသည့် အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင် အချို့ကိုလည်း ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်နေသည်။