သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA၏ အကူအညီဖြင့် မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ တို့ကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့ထုတ်ပြန် 

AB News -ဒီဇင်ဘာ ၂၃၊၂၀၂၄

အာရက္ခတပ်တော်(AA)မှ ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့ သိမ်းတိုက်ပွဲအတွက် စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင်  စစ်ရေးဆိုင်ရာအကြံဉာဏ်များနှင့် လိုအပ်သော အကူအညီများကို ပံ့ပိုးကူညီခဲ့ကြောင်း  ချင်းညီနောင်အဖွဲ့ (Chin Brotherhood) က ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“အာရက္ခတပ်တော် (AA)က စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များနှင့် လိုအပ် သော အကူအညီများကို ပံ့ပိုးကူညီခဲ့ပါသည်” ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော်၏ ပံ့ပိုးကူညီမှုများကြောင့် အလုံးစုံ သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် နောက်ဆုံးလက်နက်စခန်း အမှတ် (၂၇၄) ခြေလျင်တပ်ရင်းအား ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် Yaw Defense Force (YDF)၊ Yaw Army (YA)နှင့် ပြည်သူ့ ကာကွယ် ရေးတပ်မတော်၊ မုံရွာခရိုင် တပ်ရင်း (၃) တို့က ဒီဇင်ဘာ ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ၂၂ရက်နေ့က မင်းတပ်မြို့နှင့်ထိစပ်နေသည့် ကန်ပက်လက်မြို့ကိုလည်း  တိုက်ပွဲ ကြေညာခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မတရားဖမ်းဆီးအကျဉ်းချထားသည့် နိုင်ငံရေး အကျဉ်းသား (၁၃) ဦးကိုလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အောင်မြင်စွာ ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့များအနေဖြင့်ချင်းပြည်နယ်အတွင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်၊ ကျင်ဒွေးမြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

ယင်းအပြင် ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများအနေဖြင့်လည်း မဟာမိတ် တပ်ဖွဲ့ များနှင့် အတူ ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ