
AB News-အောက်တိုဘာ ၁ ရက်
ငွေကျပ် ၅၀ တန်နှင့် ၁၀၀ တန်များကို စက်တင်ဘာလ ၂၉ ရက်နေ့မှ စတင်ရုပ်သိမ်းကြောင်း သတင်းတု ထွက်လာပြီးနောက် ရခိုင်တွင် ထိုငွေကျပ်တန်များကို ဈေးဆိုင်များက လက်မခံတော့ကြောင်း သိရသည်။
ကျပ်ငွေ ၅၀ နှင့် ၁၀၀ တန်များကို ရုပ်သိမ်းကြောင်း စစ်ကောင်စီ၏ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ပါ အမိန့်ကြေညာသည် စက်တက်ဘာ ၂၉ ရက်နေ့က ထွက်ရှိခဲ့ပြီး ထိုစာမှာ အတုဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းများကို ဖြန့်ဝေနေသည့် Popular News က သတင်းထုတ်လွှင့်ခဲ့သည်။
စကစ၏ ပြန်ကြားရေးကလည်း ၅၀ ကျပ်တန်နှင့် ၁၀၀ ကျပ်တန်များရုပ်သိမ်းသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု နစကပြောထားသည်။
“အထက်ပါထုတ်ပြန်ချက် အမိန့်ကြော်ငြာစာများသည် သတင်းတု သတင်းအမှားများသာဖြစ်ပါသည်။၎င်းကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်မှလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။” ဟု နစက၏သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ရခိုင်ပြည်ရှိ ကျောက်တော်မြို့တွင် ဈေးဆိုင်များတွင် ငွေကျပ်တန်များဖြင့် ဈေးဝယ်၍ မရတော့ကြောင်း ကျောက်တော်မြို့ဒေသခံ တစ်ဦးက ပြောသည်။
“ဒီမှာတော့ ဈေးဆိုင်တွေက လက်မခံတော့ဘူး။ သတင်းတုပါပြောလည်းမရတော့ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပါတယ်” ဟုပြောသည်။
ထို့အပြင် ပုဏ္ဏားကျွန်းမြို့တွင်လည်း ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန်များကို သုံး၍ မရတော့ကြောင်း မြို့ခံသား တစ်ဦးက ပြောသည်။
“ကျမက သတင်းလည်း မဖတ်မိဘူး။ မနက်က ဈေးထဲ ဈေးဝယ်တော့ အကြွေ ၁၀၀ တန်ပေးတာ ဝယ်မရတော့ဘူး။ မဝင်တော့ဘူးလို့ ပြောတယ်” ဟု ဆိုသည်။
ထိုကြေညာချက်မှာ အတုဖြစ်ကြောင်း ဗဟိုဘဏ်ကလည်း ထုတ်ပြန်ချက် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။