Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂ သောင်းကျပ်တန်များ အလုံးအရင်းဖြင့်ဝင်လာနိုင်ခြင်းမရှိဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကပြော

၂ သောင်းကျပ်တန်များ အလုံးအရင်းဖြင့်ဝင်လာနိုင်ခြင်းမရှိဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းကပြော

ABN-ဟိန်းထွန်း

ဇူလိုင် ၂၅ ရက်

ဇူလိုင်လ ၃၁ ရက်နေ့တွင် ထွက်ရှိလာမည့် ၂သောင်းကျပ်တန်ငွေများသည် အလုံးအရင်းဖြင့်ဝင်လာနိုင်ခြင်းမရှိဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် တုန့်ပြန် ပြောဆိိုလိုက်သည်ကိုတွေ့ရသည်။

ဟောင်းနွမ်းသည့်ငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းဖြစ်ကာ လူတစ်ဦးလျှင် ၂ သောင်းတန် သုံးရွက်သာရမည်ဖြစ်ပြီး ငွေကြေးဖောင်းပွမှု မဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဈေးကွက်အတွင်းသို့ ငွေစက္ကူ ၂ သောင်းကျပ်တမ်များ အလုံးအရင်းဖြင့် လုံးဝ မဝင်ရောက်နိုင်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။

“ငွေရေးကြေးရေး၊ စျေးကွက်ထဲမှာ ဒီငွေစက္ကူကျပ်နှစ်သောင်းတန်တွေ အလုံးအရင်းနဲ့ ဝင်လာဖို့ဆိုတဲ့ကိစ္စက လုံးဝလည်း​မဖြစ်နိုင်ဘူး၊ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါတယ်၊ ​ဒါကြောင့်ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး၊ မတည်ငြိမ်အောင် ကောလာဟလတွေ ထုတ်လွင့်နေတာပဲဖြစ်ပါတယ်” ဟု မြန်မာ့အလင်းသတင်းစာတွင် ဇော်မင်းထွန်းက ပြောဆိုထားသည်။

လက်ရှိတွင် ၂ သောင်းကျပ်တန် ထွက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် နိုင်ငံခြား ငွေလဲလှယ်လုပ်ငန်း၊ ရွှေအရောင်းအဝယ်ဆိုင်များနှင့် တခြားသော လုပ်ငန်းအများစုကို နိုင်ငံအဝှမ်း ရပ်တန့်ထားကြသည်ကို တွေ့ရသည်။

၂၀၀၈ ခြေ/ဥပါအတိုင်း လုပ်ခြင်းဖြစ်သည့်အတွက် ယခင်က တရားဝင်အသုံးပြုနေသည့် ငွေစက္ကူများကိုလည်း တရားမဝင် ငွေကြေးအဖြစ် မည်သည့်အခါမျှ သတ်မှတ်မည်မဟုတ်ကြောင်းဆက်ပြောထားသည်။

“ကျွန်တော်တို့အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကိုလက်ခံထားတဲ့အစိုးရဖြစ်တယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၀၈ ပုဒ်မ ၃၆ (ဃ)မှာပါတဲ့ စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်း မပြုဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆ ( စ )မှာပါတဲ့ တရားဝင်ထုတ်ဝေထားသောငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့အချက်တွေနဲ့ အာမခံပြီးဖြစ်ပါတယ်၊ဒါကြောင့်ကျနော်တို့အနေနဲ့ ယခင်က တရားဝင်ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေတဲ့ငွေကြေးတွေကို တရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှ သတ်မှတ်မှာ မဟုတ်ပါဘူး၊ ဒါကိုလည်းအာမခံချက်ပေးလိုပါတယ်” ဟု ပြောဆိုထားသည်။

၂ သောင်းကျပ်တန် ငွေစက္ကူထွက်လာလျှင် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းများ အတော်တဆ ဈေးတက်လာမည်ကို ကျေးလက်နေ ရခိုင်ပြည်သူများ စိုးရိမ်​ကြသည်ကိုတွေ့ရသည်။

အဆိုပါငွေစက္ကူသစ်ထုတ်ရခြင်း၏အကြောင်းအရင်းမှာ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာထွန်းလင်းတောက်ပမှုအား ပြသရန် ၊ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်နှင့်ကမ္ဘာကြီးသာယာအေးချမ်းသာယာမှုဖြစ်စေရန် ရည်ရွယ်​တည်ဆောက်ထားသည့် “မာရဝိဇယ” ​ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်နှင့် ၂၀၂၂ ခုနှစ်ဇူလိုင်လ ၂၃ ရက်နေ့တွင် သန့်စင်မွေးဖွားသည့် ဆင်ဖြူတော် ရတနာ “ရဌနန္ဒက “တစ်နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံဗဟိုဘဏ်မှ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
“လူမျိုးတစ်မျိုးအနေနဲ့ တိုင်းပြည် တစ်ပြည်အနေနဲ့ ရပ်တည်ဖို့ဆိုရင်တော့ ကိုယ့်တိုင်းပြည်က အသုံးပြုမယ့်ကုန်ပစ္စည်းတွေကို မိမိတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ဖို့လိုအပ်ပါတယ်” ဟု မြတန်ဆောင်းဆရာတော်က မိန့်သည်။