Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၀၂၇ စစ်ဆင်ရေး ၉ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၈ ခုအားထပ်မဲ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

( စစ်ကောင်စီ၏လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ )

AB News – နိုဝင်ဘာ ၄ ရက်

Operation 1027 ၁၀၂၇ စစ်ဆင်ရေး ၉ ရက်မြောက်နေ့တွင် စစ်ကောင်စီတပ်စခန်း ၈ ခုအား ညီနောင်မဟာမိတ် ၃ ဖွဲ့ကအမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပြီး စကစ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် တရုတ်နယ်စပ်အတွင်းသို့ ကျရောက်ပေါက်ကွဲရာ တရုတ်လူမျိုးတစ်ဦး သေဆုံးသွားခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၉ ရက်မြောက်နေ့မှာ သိမ်းပိုက်ရရှိခဲ့သောစခန်းများမှာ ( ၁) ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်ခရိုင်၊ တုံရှမ်းဒေသ၊ ရှောက်ကန်ထန်ရှိ စစ်ကောင်စီတပ်စခန်း (၃) ခု၊ ကိုးကန့်မြောက်ပိုင်း၊ ရှင်းဝမ်ဒေသ၊ ဟုန်ကုတ်ရွာ၊ ကော်တီထန် ပေါက်ပေါက် တောင်ကုန်းတွင် အခြေချထားသော စစ်ကောင်စီတပ်စခန်း၊ ( ၂) ကိုးကန့်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့အပြင်ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ “ရှောက်ကွမ်းလုံအမှတ် (၃) တပ်စခန်း ၊ ( ၃) တအာင်းတပ်မတော်၊ တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းများဖြစ်ကြသော “ဂျာယန်စခန်း” နှင့် “မိုင်းယန်းစခန်း၊ တအာင်းတပ်မတော်၊ တပ်မဟာ (၂) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ “မိုးလိုတပ်စခန်း” တို့ဖြစ်ကြသည်။

ထို့အပြင် မိုးလိုတပ်စခန်းမှ စစ်သုံ့ပန်း (၁) ဦးအား ဖမ်းဆီးရခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားသည် ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာလ (၃) ရက်နေ့ကလည်း စစ်ကောင်စီသည် အဆိုပါစခန်းအား ထောက်ပို့လေယာဉ်ဖြင့် လေကြောင်းမှ လက်နက်ခဲယမ်းများ လာချပေးရာ TNLA မှ လက်နက်ခဲယမ်း သေတ္တာများအား ကြားဖြတ်ရယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိအချိန်တွင် ရက္ခိုင်ဒေသအတွင်း၌ လောလောဆယ် တိုက်ပွဲများမဖြစ်ပွားသေးသော်လည်း ရန်သူ့စစ်ရေး လှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများမှာ ယခင်ထက် ပိုမိုများပြားလာနေသည်ကို တွေ့ရှိနေရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ