
AB News- ဇူလိုင် ၂၁၊ ၂၀၂၅
ဒေဝီ
ဧရာဝတီမြစ်ကြောင်းကို ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောအုပ်စုကို မြစ်ကြောင်းတလျှောက် တိုက်ခိုက်ခဲ့ရာ တွဲတွန်းသင်္ဘော ၁ စင်း နစ်မြုပ်ခဲ့ပြီး ၃ စင်း မီးလောင်ပျက်စီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယမန်နေ့ ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်သင်္ဘော ၅ စင်း အပါအဝင် သင်္ဘော ၁၄ စင်းသည် ဇူလိုင် ၁၇ ရက်နေ့ကစပြီး မန္တလေး၊ ဂေါဝန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းကို မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မန္တလေး PDF ၏ မြစ်ကြောင်းတလျှောက်တိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသည့် စစ်ကောင်စီ၏ တွဲတွန်းသင်္ဘော ၁ စင်း နစ်မြုပ်သွားခဲ့ပြီး စစ်သင်္ဘော ၁ စင်းနှင့် တခြားတွန်းသင်္ဘော ၂ စင်း လည်း မီးလောင်ပျက်စီးသွားကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ စစ်သင်္ဘောများ အထက်သို့ဆန်တက်ရာမြစ်ကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်များနှင့် ထပ်ကြပ်မကွာ ဗုံးကြဲစောင့်ရှောက်ပေးခဲ့ပြီး ဂျက်ဖိုက်တာ၊ Mi-35 များနှင့် အကြိမ်ကြိမ်ဗုံးကြဲနေသည့်ကြားက တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။