သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဧရာဝတီတိုင်းတွင် ရက္ခိုင်လူမျိုး ၂၃ ဦးဖမ်းဆီးခံထားရ‎


‎AB News – ဇူလိုင် ၂၂၊ ၂၀၂၅
‎ဒေဝီ

‎ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် ဇွန်လ  ၁ လအတွင်း  ရက္ခိုင်လူမျိုး ၂၃ ဦး အထိ ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရင်းမြစ်များမှ သိရသည်။

‎ဇွန် ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ဧရာဝတီတိုင်းတွင် အခြေချနေထိုင်သည့် ရက္ခိုင်လူမျိုး ၂၃ ဦးကို စစ်ကောင်စီတပ်နှင့် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

‎ဧရာဝတီတိုင်းရှိ ငရုတ်ကောင်း၊ ငပုတော၊ ဟိုင်းကြီးကျွန်း၊ လေးမျက်နှာ၊ သာပေါင်း၊ ရေကြည်၊ အင်္ဂပူစသည့် မြို့နယ်များက ရက္ခိုင်လူမျိုးများ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

‎ဟိုင်းကြီးကျွန်း ဒေသခံတယောက်က ”မိသားစုက ဟိုင်းကြီးကျွန်းမှာရှိလို့ လာတာပါ။ ရခိုင်မှာ အခြေအနေမကောင်းတော့ ပြေးလာတာပါ။ အဲ့ဒါကို AA တပ်ကဆိုပြီး အုပ်ကြီးရဲ့ သတင်းပေးချက်နဲ့ အဖမ်းခံရတာ။ အခုအထိ အဆက်အသွယ်မရဘူး” ဟု ပြောကြောင်း သိရသည်။

‎အဖမ်းခံထားရသည့်  ၂၃ ယောက်ထဲမှ တချို့ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် အမှုဖွင့်ထားသူများလည်း ရှိသည်ဟု သိရသည်။

‎စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရက္ခိုင်လူမျိုးများမှာ ရေလုပ်ငန်း၊ ငါးပိ၊ ငါးခြောက် လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်ပြီး စစ်ကောင်စီတပ်သည် လာဖမ်းသည့် အချိန်ကတည်းက ရိုက်နှက်၊ ခြေထောက်နှင့် ကန်ပြီး ဖမ်းခေါ်သွားကြောင်း မျက်မြင်တွေ့သူများ၏ ပြောကြားချက်အရ သိရသည်။

‎ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လကလည်း ဟိုင်းကြီးကျွန်းမြို့နှင့် ရေကြည်မြို့နယ်ကို ရောက်နေသည့် ရက္ခိုင်စစ်ဘေးရှောင် ၁၉ ဦး ကို စစ်ကောင်စီတပ်က အကြောင်းမရှိ ဖမ်းဆီးခဲ့ပြီး ယနေ့ချိန်အထိပြန်မလွှတ်ပေးသေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ