AB News – မတ် ၁၆၊ ၂၀၂၅
အာရက္ခပင်လယ်ပြင် အတွင်းသို့ ဝင်ရောက်လာသော တရားမဝင် ငါးဖမ်းသမား ၂၁ ဦးကို မတ်လ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက အာရက္ခပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းခြင်းများကို မပြုလုပ်ရန် အကြိမ်ကြိမ် သတိပေးထားကြောင်းလည်း ယမန်နေ့ မတ်လ ၁၅ ရက်နေ့က ဦးခိုင်သုခ၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
ယင်းသို့ တရားမဝင် လုပ်ရပ်များသည် နှစ်နိုင်ငံမှ ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကြောင်းကို ထိခိုက်စေနိုင်ကြောင်း ULA/AA က ဆိုသည်။
ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ နတ်မြစ်ကို (ULA/AA ) က အပြည့်အဝ ထိန်းချုပ်ပြီးနောက် တရားမဝင် ငါးဖမ်းခြင်းများကို အရေးယူမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ငါးဖမ်းသမား ၂၁ ဦးကို ပြန်လွှတ်ခြင်းမှာ အိမ်နီးချင်းနိုင်ငံများအကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးကို ထိန်းသိမ်းလိုသော ရည်ရွယ်ချက်ဖြစ်ကြောင်း ( ULA/AA )က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းကလည်း (ULA/AA )သည် တရားမဝင် ငါးဖမ်းသမား ၂၉ ဦးကို ပြင်းထန်စွာ အရေးယူခြင်းမပြုဘဲ ပြန်လွှတ်ပေးခဲ့သည်။ ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည့် ငါးဖမ်းသမား ၂၁ ဦးသည် အာရက္ခရေပိုင်နက်အတွင်း ၁၀ ကီလိုမီတာကျော် အကွာတွင် ဖမ်းဆီးခံရသူများဖြစ်သည်။
ယင်းငါးဖမ်းသမားများသည် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ သတိပေးချက်များကို သိရှိထားသော်လည်း တရားမဝင် ငါးဖမ်းခြင်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း (ULA/AA) က ဆိုသည်။
ULA/AA သည် ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခတို့အကြား တရားမဝင် ငါးဖမ်းခြင်းပြဿနာကို ဖြေရှင်းရန် ပိုမိုထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ULA/AA ကမ်းရိုးတန်းစောင့်တပ်ဖွဲ့သည် မောင်တောမြို့၏ တောင်ဘက် ၅၀ ကီလိုမီတာခန့်၊ အငူမော်အနီးတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၅ ဦးကို ကယ်တင်ခဲ့သည်။ ငါးဖမ်းသမားများ၏ အဆိုအရ ၎င်းတို့၏ အင်ဂျင်ချို့ယွင်းသွားသောကြောင့် နှစ်ရက်ကြာမျှ မျောပါနေခဲ့သည်။
၎င်းတို့ကို ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့တွင် အငူမော်ဆိပ်ကမ်းအနီး၌ ကယ်တင်ခဲ့ပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။