သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာဏာသိမ်းစစ်ကောင်စီကို တိုက်ထုတ်ရန် မွန်တပ် ၂ ခု ပူးပေါင်းပြီး ရာမည မွန်တပ်တော် ဖွဲ့စည်း

AB News – မေ ၂၄၊ ၂၀၂၅

ဒေဝီ

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန် ရည်ရွယ်၍ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA) တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော် (RMA) ကို ဖွဲ့စည်းလိုက်ကြောင်း ၎င်းအဖွဲ့ ၂ဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။

ယနေ့ မေလ ၂၄ ရက်နေ့တွင် NMSP(AD) နှင့် MLA တို့သည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရရှိသော မွန်ပြည်ပေါ် ထွန်းရေး ရည်ရွယ်ချက်ဖြင့် ၎င်းတို့ ၂ဖွဲ့ ပူးပေါင်းကာ “ရာမညမွန်တပ်တော်-Ramonnya Mon Army (RMA)” ကို ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

NMSP-AD နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့နှင့် MLA ဦးဆောင်အဖွဲ့တို့ပါဝင်သည့် NMSP (AD) နိုင်ငံရေးနှင့် စစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး NMSP (AD) နိုင်ငံရေးစစ်ရေး ကော်မတီဝင်များက နိုင်ငံရေးစစ်ရေး ဦးဆောင်ကော်မတီ ၉ ဦးကို ရွေးချယ်ပြီး ဥက္ကဌ နိုင်ဇေယျ၊ ဒုဥက္ကဌ နိုင်လယီကောင်း၊ အတွင်းရေးမှူး နိုင်ဗညားလယ် တို့ကို ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

ယင်းအပြင် နိုင်ငံရေးစစ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော် (RMA) ၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သည့် စစ်ကော်မတီကို ဖွဲ့စည်းပြီး ဗိုလ်မှူးချပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့ကို ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပူးပေါင်းမှုကြောင့် မွန်ပြည်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းနိုင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ရာမည မွန်တပ်တော်တို့သည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် NMSP(AD) သည် မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ရေး၊ မုဒုံတို့အပြင် တနင်္သာရီတိုင်းရှိ ရေဖြူမြို့နယ်တို့တွင်လည်း တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ထုတ်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ