
AB News – ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲ၍ လင်မယား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် ပြောင်းချောင်းရွာအနောက်ဖက်ရှိ ၎င်းတို့ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်း မြက်ရိတ်စက်ဖြင့် ပေါင်းပင်များကို ရှင်းလင်းနေစဉ် မြေမြှုပ်မိုင်းအား မြက်ရိတ်စက်ဖြင့် ထိမိရာမှ ပေါက်ကွဲမှုဖြစ်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းပေါက်၍ ဒဏ်ရာရရှိသွားသည့် လင်မယား ၂ ဦးမှာ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာမှ ဦးမောင်လုံး အသက် ၅၇ နှစ်နှင့် ဇနီး ဒေါ်ကေးကေး အသက် ၄၈ တို့ဖြစ်သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုအတွင်း ဦးမောင်လုံး၏ ဘယ်ဖက်လက်မောင်းနှင့် ညာဖက်ပေါင်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ကေးကေး ၏ ဘယ်ဘက်ခြေထောက်နှင့် ညာဖက်ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ နေ့တွင် တောမြို့နယ်၊ အေတီလီယာရွာမှ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးသည် မြေမြှုပ်မိုင်းအား ထုခွဲမိရာ ပေါက်ကွဲမှုဖြစ်ပွား၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း အမ်းမြို့တွင် စစ်ကျန်ဗုံးသီးတစ်လုံးပေါက်ကွဲ၍ အသက် ၈ နှစ်အရွယ် က လေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။
အာရက္ခဒေသအတွင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ(ULA/AA)မှ မိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပေးဟောပြောမှုများ၊ စစ်ကျန်လက်နက်အကျိုးဆက်များနှင့် ပတ်သတ်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မိုင်းသတိပေးဆိုင်ဘုတ်များ စိုက်ထူထားပြီး မိုင်းအန္တရာယ်နှင့် စစ်ကျန်လက်နက် သတိပေးတားမြစ်မှုများ လုပ်ဆောင်လျက်ရှိသည်။