သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ အပြင်းထန် ကြိုးစားနေ၊ KIA ကျေးရွာ ၂ ရွာ လက်လွှတ်လိုက်ရ

AB News-ဇူလိုင် ၁၇၊ ၂၀၂၅
ဒေဝီ

ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် အင်တော်ကြီးဒေသရှိ အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က အပြင်းအထန်ကြိုးစားနေသဖြင့် အင်းတော်ကြီးနေရာဒေသတစ်ချို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက် နံနက် ၂ နာရီခန့်က အင်အား ၅၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီပူးပေါင်းတပ်များက အင်းတော်ကြီးမြို့ဘက်မှ မိုင်းနောင်၊ မမုန်ကိုင်ဘက်သို့ စစ်ကြောင်းထိုးလာရာ လယ်ပုံလေး၊ လက်ပံဆိပ်နှင့် မိုင်းနောင်ကြားတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ ရက်တိတိပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းထိုးစစ်တွင် စစ်ကောင်စီတပ်ဘက်က တပ်မ (၃၃) တပ်ရင်းမှူးအပြောင်းလဲပြုလုပ်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ ပြည်သူ့စစ်ပူးပေါင်းတပ်အင်အား ရာဂဏန်းနှင့် မြေပြင်တပ်သားအင်အား သာလွန်နေသောကြောင့် KIA၊ PDF ပူးပေါင်းတပ်က မိုင်းနောင်နှင့် မမုန်ကိုင်ကျေးရွာမှ နောက်ဆုတ်ပေးလိုက်ရပြီး စစ်ကောင်စီပူးပေါင်းတပ်က ပြန်လည်ထိန်းချုပ်သွားနိုင်သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီပူးပေါင်းတပ်သည် မိုင်းနောင်၊ မမုန်ကိုင်တွင် အထိုင်ချထားသည့်အပြင် လုံးတုံဘက်သို့လည်း စစ်အင်အားတစ်ချို့ ဆက်ပြီးထိုးစစ်ဆင်သွားကြောင်း သိရသည်။

အင်းတော်ကြီးဒေသသည် မိုးညှင်း–ဖားကန့်လမ်းမပေါ်ရှိပြီး ဖားကန့်မြို့နယ် ဝှေခါကျေးရွာဘက်သို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိသည်။

သို့ဖြစ်၍ စစ်ကောင်စီပူးပေါင်းတပ်သည် အဆိုပါလမ်းပိုင်းအားလုံးထိန်းချုပ်ချင်သောကြောင့် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီပူးပေါင်းတပ်သည် ဖားကန့်မြို့နယ်ထဲသို့ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများဖြစ်သည့် ကားမိုင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး-ဝှေခါလမ်း၊ဖားကန့်-ဆယ်ဇင်းလမ်းများကနေ စစ်ရေးလှုပ်ရှားမှုစတင်လာပြီး ကားမိုင်းလမ်းကြောင်းမှ ဝင်လာသည့် စစ်ကြောင်းမှာ ဖားကန့်မြို့ထဲသို့ ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဖားကန့်မြို့ထဲသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် KIA ပူးပေါင်းတပ် ထိန်းချုပ်ထားသော လမောင်ကုန်းနှင့် မောင်မောလယန်ကို ပြန်ရရန် လေကြောင်းအကူဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေသောကြောင့် ဖားကန့်မြို့ နေရာတစ်ချို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်