သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲ နှင့် အမ်းတွင် တိုက်ပွဲများပြင်းထန်

( စစ်ကောင်စီက စစ်ရဟတ်ယာဥ်များအပါအဝင် လက်နက်ကြီး များဖြင့် အဆက်မပြတ်ပစ်ခတ်)

ယနေ့ မေလ ၁၈ရက်၊ နံနက်ပိုင်းတွင် အာရက္ခတပ်တော်က လင်းသီရွာအနီးရှိ စစ်ကောင်စီတပ်သားများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်း သံတွဲ ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” တိုက်ပွဲက မနက်ကတည်းက ပြင်းထန်နေတယ်။ လေယာဥ်နဲ့ရွှေလှေဝန်းကျင်ကို လှမ်းပစ်နေတယ်။ အကုန်ကြဲနေတာ။ နေဗီကလည်းလှမ်းပစ်တယ်။ ဗားဒေါင်းကလည်း ပစ်နေတယ်” ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ထွက်ပြေးသွားသူများရှိကြောင်း သိရသည်။

ထို့အ​ပြင် အကြမ်းဖက် စစ်ကောင်စီသည် Y-12 ထောက်ပို့/ဗုံးကြဲလေယာဥ်ဖြင့်လည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် သံတွဲမြို့တွင်းရှိ သမိုင်းဝင်ဘုရားပူထိုးများဖြစ်သည့် အံတော်၊ ဆံတော်၊ နံတော် ဘုရားကုန်းတို့တွင် လက်နက်ကြီးများ တပ်ဆင်ပြီး လင်းသီ၊ ကွေ့ချောင်းရွာဖက်သို့ ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ဘုရားကုန်းတွေမှာ လက်နက်ကြီးတပ်ဆင်တာ မကြာသေးဘူး။ အခုလှမ်းပစ်နေတယ်။ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ အခက်အခဲဖြစ်နေရတယ်” ဟုဆိုသည်။

ထို့အပြင် ယနေ့မေလ ၁၈ ရက်၊ နေ့လည် ၂ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အမ်းမြို့အခြေစိုက် တောဟိန်းတောင်ဗျူဟာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရပ်ရွာများသို့ လှမ်းပစ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အာရက္ခတပ်တော်သည် စစ်ကောင်စီ၏ စွေ့ချောင်းဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တောဟိန်းတောင်ဗျူဟာကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီ၏ စွိချောင်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော်က ဧပြီ ၂၇ ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ သေဆုံးသွားသည့် အလောင်းများမှာ ဒါးလက်ချောင်းနှင့် စွိချောင်းရွာထဲတို့တွင် ပြန့်ကြဲလျက် ရှိကြောင်း စစ်ဘေးရှောင်များထံမှသိခဲ့ရသည်။

သံတွဲမြို့နယ် နန်းချောင်းအစပ် ဗောဓိကုန်းအနောက်ဘက်ရှိ သူခိုးစမ်းတောင် နှင့် အံတော်တံတားတွင် စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းထားကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့်အတွက် အချို့ကျေးရွာများမှ ဒေသခံအချို့ ပိတ်မိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ရွှေလှေတာဝါတိုင်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်ပြီ ဖြစ်သည့်အတွက် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်ကာ ပြည်သူများ အခက်တွေ့နေရကြရသည်။

သံတွဲတွင် စစ်ကောင်စီ၏ အထိုင်စခန်းများမှာ အံတော်၊ဆံတော်၊ နံတော်၊ ဗောဓိကုန်း၊ သူခိုးစမ်းတောင် နှင့် ငပလီအခြေစိုက် ၅၅ တပ်ရင်း၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း၊ ၅၆၆ တပ်ရင်း ၊ ဧရာဝတီ ၃၆ တပ်ရင်း၊ ဗားဒေါင်းအဝင်/အထွက်ဂိတ် စစ်ဆေးရေးဂိတ် နှင့် ရဲစခန်းတို့ဖြစ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ