
AB News – ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၅
ရက္ခိုင်ပြည် ၊ သံတွဲမြို့နယ်မှ မောင်တောမြို့နယ်သို့ စစ်ဘေးရှောင်လာသည့် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးမှာ ဆီးလမ်းကြောင်း ပိုးဝင်ရောင်ရမ်း သားအိမ်ကျုံ့သည့် ရောဂါလက္ခဏာကို ခံစားနေရပြီး ဆေးကုသမှုခံယူရန် ငွေကြေးအခက်ခဲရှိနေကြောင်း ၎င်းက AB News သို့ပြောသည်။
ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ဆီးလမ်းကြောင်း ပိုးဝင်ရောင်ရမ်းမှုဝေဒနာခံစားနေရပြီး သားအိမ်ကျုံ့ရောဂါလက္ခဏာကိုပါ ခံစားနေရသော အမျိုးသမီးမှာ သံတွဲမြို့နယ် ၊ ဂျိတ်တောကျေးရွာမှ အသက် ၂၅ နှစ်အရွယ် မစိုးစန္ဒာအေးဖြစ်သည်။ ၎င်းသည် လင်ဖြစ်သူနှင့်အတူ စစ်ဘေးရှောင်နေခြင်းဖြစ်ပြီး သူတို့မှာ အသက် ၅ နှစ်အရွယ် ကလေးငယ်လေးတစ်ဦးလည်းရှိသည်။
စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် မစိုးစန္ဒာအေးသည် ကိုယ်ဝန် ၃ လမှစ၍ ဆီးလမ်းပိုးဝင်ရောင်ရမ်းခြင်းရောဂါကို ခံစားခဲ့ရပြီး ကိုယ်ဝန် ၄ လတွင် မိန်းမကိုယ်၌ အဖြူရောင်အခဲကို စတင်မြင်တွေ့ခဲရကြောင်း ၎င်းကဆိုသည်။ သို့သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် ဆေးခန်းသွားမပြနိုင်ကြောင်း စိုးစန္ဒာအေးက AB News သို့ပြောသည်။
“ကိုယ်ဝန် ၃ လလောက်က ဆီးလမ်းပိုးဝင်လို့ ဆေးခန်းသွားပြခဲ့ရတယ်။ မိန်းမကိုယ်အဝင်ပေါက်မှာ ဘာမှန်းလည်းမသိဘူး အဖြူခဲကို ကိုယ်ဝန် ၄ လလောက်က စပြီးမြင်ခဲ့ရတာ။ ဆေးခန်းသွားပြဖို့တွက်လည်း ပိုက်ဆံမရှိလို့ မသွားခဲ့ရဘူး ” ဟု ဆိုသည်။
လက်ရှိတွင် ကိုယ်ဝန် ၇ လရှိနေပြီဖြစ်ကာ ဝမ်းဗိုက်အောက်နှင့် မိန်းမကိုယ်တွင် တင်းကျပ်ခြင်းနှင့် နာကျင်ခြင်းကို ခံစားနေရသည်။ ထမင်းချက်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ထိုင်နေခြင်းစသည့် ပုံမှန်လုပ်ဆောင်မှုများ ပြုလုပ်တိုင်း ၃ မိနစ်ခန့်အကြာတွင် နာကျင်မှု ခံစားရကြောင်း ၎င်းကပြောသည်။
ကိုယ်ဝန်ဆောင် ၁ ဦး ဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် မိခင်နှင့်ကလေး ကျန်းမာအောင် အာဟာရပြည့်ဝစွာ စားသုံးရခြင်းမရှိပေ။ ထို့အတွက်ကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပိန်လှီနေပြီး သန္ဓေသားအတွက်လည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က အိမ်သာသွားစဉ် မိန်းမကိုယ်မှ သားအိမ်အနည်းငယ် ပြင်ပသို့ ထွက်လာခဲ့၍ ဆေးခန်းသို့ သွားရောက်စစ်ဆေးခဲ့သော်လည်း ရောဂါအဖြေကို အတိအကျမသိရှိခဲ့ရဘဲ ကိုယ်ဝန်အခြေအနေ စိုးရိမ်ရသောကြောင့် လစဉ် ဆေးခန်းလာပြရန် ဆရာဝန်က မှာကြားခဲ့ကြောင်း သူမက ဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တို့တွင် ဆေးခန်း ၂ ကြိမ်သာ ပြသနိုင်ခဲ့သည်။ ဆေးခန်းတစ်ကြိမ်သွားလျှင် ခရီးစရိတ်အပါအဝင် ငွေ ၂ သိန်းမှ ၃ သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း ပြောသည်။
စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေရသော ၎င်းတို့မိသားစုသည် နေ့စားအလုပ်ဖြင့် ရပ်တည်နေရပြီး ဆေးကုသစရိတ်အတွက် အခက်အခဲများစွာ ရင်ဆိုင်နေကြရသည်ကို AB News ကတွေ့ရှိရသည်။