သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ အမျိုးသား ၁ ဦး ခြေတစ်ဖက် ပြတ်ထွက်သွား

AB News – ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာတွင် မြေမြုပ်မိုင်းအား နင်းမိ၍ အမျိုးသား ၁ ဦး ခြေ တစ်ဖက် ပြတ်ထွက်သွားကြောင်း သိရသည်။

ယမန် ဖေဖော်ဝါရီ ၁၆ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် ငရုပ်ကောင်းစိုက်ခင်းအား သွားကြည့်ရာ ယခင် စစ်ကော်မရှင်တပ်မှ ထောင်ထားခဲ့သည့်မြေမြုပ် မိုင်းအား နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မြေမြုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့သူမှာ သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာမှ ကိုစိုးလွင် (ခ) ကိုကို အသက် ၂၇ နှစ် ဖြစ်သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုအတွင်း ကိုစိုးလွင် ( ခ) ကိုကိုတွင် ညာဘက်ခြေထောက် အောက်ပိုင်းမှာပြတ်ထွက်သွားခဲ့ပြီး ဘယ်ဖက်ခြေထောက်တွင်လည်း မိုင်းစများထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိတွင် မောင်စိုးလွင် (ခ) ကိုကို မှာ နီးစပ်ရာ ဆေးခန်းတွင် အရေး‌ပေါ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအနီး စစ်ကျန်ဗုံးသီး တစ်လုံးအား ဓားဖြင့် ခုတ်ကြည့်မိရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ မူဆလင်အမျိုးသား ၂ ဦး သေဆုံးခဲ့ရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ၉ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင်လည်း ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာတွင် မြေမြှုပ်မိုင်း ပေါက်ကွဲ၍ လင်မယား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ပြည်ရှိ ဒေသခံအများစုမှာ စစ်ကျန်မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကိုယ်လက်အင်္ဂါချို့တဲ့မှုအပြင် အသက်ဆုံးရူံးမှုဖြစ်ရပ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။

ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် အသိပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန်ဝေခြင်းများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အဆက်မပြတ်လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

AB_News #ArakanBayNews #Explosion #Landmines #Injured #Civilian #Thandwe_Township #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ