
AB News – နိုဝင်ဘာ ၂၀၊ ၂၀၂၅
မောင်လိုကီ
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျေးရွာ ၅ရွာတွင် စစ်ရှောင်နေကြသည့် အိမ်ထောင်စု ၁၄၃စု မှ လူဦးရေ ၃၁၁ ဦးကို Arakan Heritage Foundation(AHF) အဖွဲ့မှ တစ်ဦးလျှင် ဆန်တစ်အိတ်နှုန်းဖြင့် ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
AHF က ပြီးခဲ့သည် နိုဝင်ဘာလ ၁၈နေ့တွင် သံတွဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဆန်အိတ် ၃၁၁ အိတ်အား ကူညီထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
သံတွဲမြို့နယ်ရှိ ဇလွန်၊ မဒေး၊ ဂုံးစရစ်၊ မဲနယ်ကွင်းနှင့် တံခွန်တိုင် ကျေးရွာများရှိ စစ်ရှောင်ပြည်သူများကို ဆန်အိတ်များ ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ဇလွန်ရွာရှိ စစ်ရှောင်အိမ်ထောင်စု ၄၇ စု မှ လူဦးရေ ၁၀၅ ဦးအတွက် ဆန် ၁၀၅ အိတ်၊ မဒေးရွာရှိ စစ်ရှောင်အိမ်ထောင်စု ၁၉ စု မှ လူဦးရေ ၃၄ ဦးအတွက် ဆန် ၃၄အိတ်၊ ဂုံးစရစ်ရွာရှိ စစ်ရှောင်အိမ်ထောင်စု ၅ စု မှ ၁၁ ဦးအတွက် ဆန် ၁၁ အိတ်၊ မဲနယ်ကွင်းရွာရှိ စစ်ရှောင်အိမ်ထောင်စု ၅၂ စု မှ လူဦးရေ ၁၁၇ ဦးအတွက် ဆန် ၁၁၇ အိတ်နှင့် တံခွန်တိုင်ရွာရှိ စစ်ရှောင်အိမ်ထောင်စု ၂၀ စု မှ လူဦးရေ ၄၄ ဦးအတွက် ဆန် ၄၄ အိတ် ကူညီထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ရှောင်များမှာ နေရပ်ပြန်ရန် အဆင်မပြေနိုင်သေးသည့် သံတွဲမြို့နယ်မှ ကွမ်းဝိုင်း၊ မော်ရုံ၊ မော်ရှည်၊ သစ်ကောက်၊ ရေဖြူအိုင်၊ ဆင်ဒင်ကြီး စသောကျေးရွာများမှ ဖြစ်ကြပြီး ဂျိတ္တော၊ မြပြင်၊ လင်းသာ နှင့် တောင်ကုတ်မြို့နယ်များမှ နေရပ်မပြန်နိုင်သေးသော စစ်ရှောင်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။
၎င်းကူညီထောက်ပံမှုများကို AHF အဖွဲ့နှင့်အတူ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ HDCO နှင့် မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန်တစ်အိတ်ကို ၄၅၀၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ် ၃၁၁ အိတ်အတွက် ၁၃,၉၉၅,၀၀၀ ကျပ် ကုန်ကျခဲ့ကြောင်း သိရှိရသည်။
အလားတူ ဆောင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ ရက္ခိုင်ရှိ စစ်ရှောင်ပြည်သူများ အအေးဒဏ်ကို အံတုရန်အတွက် အနွေးထည်များ၊ စောင်များ လိုအပ်သောကြောင့် ဒေသဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းများ၏ အကူအညီ အထောက်အပံ့များလည်း လိုအပ်နေကြောင်း သိရသည်။