
AB News – မတ် ၂၂၊ ၂၀၂၅
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဃကျေးရွာတွင် အမျိုးသား ၁ ဦးသည် ထင်းခုတ်သွားစဉ် စစ်ကောင်စီထောင်ထားခဲ့သည့် စစ်ကျန်မိုင်းနင်းမိပြီး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့သည်ဟု သိရသည်။
မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၉ နာရီလောက်တွင် ရေဖြူအိုင်ကျေးရွာ အနီးဝန်းကျင်သို့ ထင်းခုတ်သွားစဉ် ယခင်စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းတစ်လုံးကို နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေ ၁ ဘက် ပြတ်ထွက်သွားခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သို့ ပြောသည်။
‘’ မနက်ပိုင်း ၉ နာရီလောက်မှာ ရေဖြူအိုင် ကျေးရွာနဲ့နီးတဲ့ ပတ်ဝန်းကျင်ကိုသွားတာ။ ပေါက်ကွဲ သံတစ်ခု ကြားလို့ သွားကြည့်တော့ ခြေတစ်ဘက်ပြတ်ထွက်သွားတာကိုပဲ တွေ့ပါတယ်’’ဟု ဆိုသည်။
အဆိုပါ မိုင်းနင်းမိခြင်းကြောင့် ခြေ ၁ ဘက်ပြတ်ထွက်သွားသူမှာ ရေဖြူအိုင်ကျေးရွာမှ အဖ ဦးတင်အောင်၏ သား မောင်ဆန်းဝင်းဖြစ်ပြီး ၎င်း၏ ညာဘက် ခြေထောက် ပြတ်ထွက်သွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာတွင် စစ်ကျန်ဗုံးသီး တစ်လုံးကို ကောက်ယူ ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။
အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရအနေဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သောနေရာများနှင့် အနီးတစ်ဝိုက်တွင် ကျန်ရှိနေသေးသည့်စစ်လက်နက်ပစ္စည်းများကို မထိတွေ့ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် အသိပေးနှိုးဆော်ထားသည်။
မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိရသည်။