သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦး ပုခုံးအဆစ်ပြုတ်သည်ထိ ရိုက်နှက်ထားခံရပြီး တိုက်ပိတ်ထား

AB News – ဇူလိုင် ၁၆ ၊ ၂၀၂၅
ချန်ဒြာ

ပဲခူးတိုင်း ၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁ ဦးကို ပုခုံးဆစ်ပြုတ်သည်ထိ ရိုက်နှက်ခံထားရပြီး ယနေ့အချိန်ထိ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သာယာဝတီထောင်ရှိ အဆောင်မှူးရုံးအတွင်း အလုပ်လုပ်နေကြစဉ် ထောင်ဝန်ထမ်းစိုးမင်းက နိုင်ငံရေး အကျဉ်းသား ကိုအောင်သူထက်အား တခြားအကျဉ်းသား ၁ ဦးနှင့် ရန်ဖြစ်သည်ဟု စွပ်စွဲကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထောင်ဝန်ထမ်းစိုးမင်းသည် ယခင်လကလည်း နိုင်ငံရေးအကျဉ်းသားများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများကို မကြာခဏပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ပုခုံးအဆစ်ပြုတ်အောင် ရိုက်နှက်ပြီးနောက် အချိန်အတော်ကြာ ဆေးကုသမှု ပေးခြင်းမရှိဘဲ အခြားနိုင်ငံရေးအကျဉ်းသားများမှ ဝိုင်းဝန်းတောင်းဆိုသောကြောင့် အဆိုပါနေ့၏ နေ့လယ် ၂နာရီအချိန်ခန့်မှသာ ဆေးကုသခွင့်ပေးခဲ့ကြောင်း ဆိုသည်။

ထို့နောက် ကိုအောင်သူထက် ကို ပြဿနာရှိသည်ဟုဆိုကာ ခေါ်ယူခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပိုက်ထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ထောင်အာဏာပိုင်များက ဝန်ထမ်းစိုးမင်းကို အပြင်ထွက်ခွင့်ပိတ်ခြင်းနှင့် သာယာဝတီထောင်အတွင်း နေရာပြောင်းခြင်းကိုသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အကျဉ်းထောင်များရှိ ထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ၊ ရိုက်နှက်မှုများ စသည့် စွပ်စွဲချက်များဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသော်လည်း ထောင်အာဏာပိုင်များက ထိုက်သင့်သည့် အပြစ်ပေး အရေးယူမှုများ မပြုလုပ်ဘဲ လျစ်လျူရှုနေကြသည်။

ယခုကဲ့သို အနိုင်ကျင့်နှိပ်စက်မှုအပေါ် အရေးယူခြင်း မပြုလုပ်မှုများကြောင့် ထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ပိုမို ပြုလုပ်နေကြခြင်း ဖြစ်သည်။ ထိုကြောင့် ထောင်အာဏာပိုင်များအနေဖြင့် ထောင်ဝန်ထမ်းများမှ တရားဥပဒေမဲ့စွာ ရိုက်နှက်မှုများ ပြုလုပ်နေသည့်အပေါ် ရပ်တန့်စေရန်အတွက် အမြန်ဆုံး ဆောင်ရွက်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တောင်းဆိုထားသည်။

ထို့ပြင် ယင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ သက်သေများနှင့်တကွ စနစ်တကျ မှတ်တမ်းများ ထားရှိပြီး တရားမျှတမှုကို ဖော်ဆောင်သည့်ကာလ၌ ကိုယ်တိုင်တာဝန်ခံရမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်