
AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရသည့်အပြင် မျက်နှာအား ဓားဖြင့် ထပ်ထိုးခံရကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၃၁ ရက် နံနက်အစောပိုင်း ၅ နာရီခန့်တွင် အဆိုပါအမျိုးသမီးသည် နေအိမ်ရှေ့တွင် တံမြက်စည်းလှဲနေစဉ် ဆွဲကြိုးလုယူခြင်းခံရသောကြောင့် အကူညီအော်တောင်းရာမှ လုယူသူက ဓားဖြင့် မျက်နှာကို ထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် အဆိုပါအမျိုးသမီးမှာ ဒဏ်ရာပြင်းထန်သဖြင့် သန်လျင်ဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ဆက်လက် ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း မင်္ဂလာဒုံမြို့နယ်ရှိ လမ်းမတစ်ခုအတွင်း အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံခဲ့ရမှု ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံများမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာသည့် တရားဥပဒေ စိုးမိုးမှုနှင့်အတူ ဒုစရိုက်မှုများ ပိုမိုများပြားလာနေသောကြောင့် စိုးရိမ်မှုမြင့်တက်နေကြသည်။