AB News – ဧပြီ ၁၇၊ ၂၀၂၅
သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့တွင် ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့အတွင်း ဓားထိုးဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်းကျေးရွာမှ ဦးသံချောင်း ၏ သား မောင်ဇော်မင်းသူ (၂၂)နှစ်သည် သိမ်တောင်ရပ်ကွက်နေ ဦးအောင်ဆန်းတင်၏ သား မောင်ဝေယံအောင်ကို (၆) လက်မ ခေါက်ချိုးဓားဖြင့် ထိုးခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“မောင်ဇော်မင်းသူဟာ သူရဲ့ အစ်မဖြစ်သူ မဇင်မာခိုင် နေအိမ်အနီး သူငယ်ချင်းတွေနဲ့ ရေလောင်း၊ အရက်သောက်နေချိန်မှာ မောင်ဝေယံအောင်နဲ့ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်ချိန် ဇော်မင်းသူမှာ အသင့်ပါလာတဲ့ ဓားနဲ့ ဝေယံအောင်ကို ထိုးခဲ့ပါတယ်” ဟု ဆိုသည်။
မောင်ဝေယံအောင်၏ ခန္ဓာကိုယ်တွင် ဓားဒဏ်ရာ (၅) ချက်အထိ ရှိခဲ့ပြီး ခါးဘယ်ဘက်မှာ တစ်ချက်၊ ဘယ်ဘက်တံတောင်တွင် တစ်ချက်၊ ဘယ်ဘက်နို့အုံတွင် တစ်ချက်၊ နောက်စေ့တွင် တစ်ချက်၊ ခါးနောက်ဘက်တွင် တစ်ချက် အသေးစား ဖောက်ဝင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဓားထိုးခံရသူ မောင်ဝေယံအောင်မှာ တောင်ကုတ်မြို့အတွင်း ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။
ဓားထိုးမှု ကျူးလွန်သူ မောင်ဇော်မင်းသူကို ရက္ခိုင်ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာန (DLEPS) တပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဓားထိုးမှု ကျူးလွန်သူ၏ မိသားစုဝင်များက ဆိုသည်။
ဓာတ်ပုံ – CJ