သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဝါရင့်သတင်းစာရေးဆရာ ဦးစည်သူအောင်မြင့်နှင့် အလွတ်တန်း သတင်းသမား မထက်ထက်ခိုင် ပြန်လွတ်မြောက်လာ

AB News – ဒီဇင်ဘာ ၃၊ ၂၀၂၅
ချန်ဒြာ

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း စကမ ဖမ်းဆီးခဲ့သော ဝါရင့်သတင်းစာရေးဆရာ ဦးစည်သူမောင်မြင့်နှင့် BBC Media Action မှ အလွတ်တန်းသတင်းထုတ်လုပ်ရေးနှင့် အစီစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။

မထက်ထက်ခိုင်မှာ ပဲခူးတိုင်း၊ သာယာဝတီထောင်မှ ပြန်လွတ်လာခြင်းဖြစ်ပြီး ဦးစည်သူအောင်မြင့်မှာ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် ဧည့်စာရင်းဝင်စစ်စဉ် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် မထက်ထက်ခိုင်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ဒဏ်ငွေ ၁ သောင်း ချမှတ်ခံထားရသူဖြစ်သည်။

ဦးစည်သူအောင်မြင့်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)နှင့် ပုဒ်မ ၅၀၅-က ဖြင့် နှစ်မှုခွဲ၍ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသောကြောင့် စုစုပေါင်းထောင်ဒဏ် ၁၂ နှစ်ထိ အင်းစိန်အကျဉ်းထောင်တွင် ချမှတ်ခံထားရသူဖြစ်သည်။

ယခုအခါတွင် ၎င်းတို့ ၂ ဦးလုံး ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ၎င်းတို့ ၂ ဦးနှင့်အတူ တစ်ရက်တည်းတွင် အကျဉ်းထောင် ၁၁ ခုမှ နိုင်ငံရေးအကျဉ်းသား ၂၆၈ ဦးထိ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ခဲ့သည်။

စစ်ကော်မရှင်တပ်သည် ယခုလကုန်ပိုင်းအတွင်း ကျပမည့် အတုအယောင်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချခံထားရသူ၊ အမှုဖွင့်တရားစွဲခံထားရသူ စုစုပေါင်း ၈၆၆၅ ဦးအား နိုဝင်ဘာလ ၂၇ ရက်နေ့က အမှုပိတ် လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြန်လွတ်ပေးခဲ့သည်။

AAPP ၏ ယမန်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခြင်းနှင့် ပတ်သက်၍ ဖမ်းဆီးအကျဉ်းချခံထားရသူ သုံးသောင်းကျော်ရှိပြီး ယင်းအထဲမှ တစ်သောင်း တစ်ထောင်ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရသကဲ့သို စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ခုနှစ်ထောင်ငါးရာကျော်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်