ABN-နွယ်စိုး
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် မာလာမြိုင် ၂လမ်းတွင် ရေခဲစက်ရုံကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားမှုကြောင့် ရပ်ကွက်၌ နေထိုင်သူအချို့မှာ အနံ့ဆိုးကြောင့် မူးလဲပြီး သတိလစ်က လူပေါင်း ၃၀ နီးပါး ဆေးရုံတင်ထားရကြောင်းသိရသည်။
လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် မာလာမြိုင် ၂ လမ်း၌ အုတ်ကျင်းဘူတာရုံလမ်းအနီးတွင် ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉နာရီ ကျော်ခန့်က ရေခဲစက်ရုံမှ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်ခဲ့သည့်အတွက်ကြောင့် စက်ရုံအနီးနား၌ နေထိုင်သူများမှာ ဓာတုဓာတ်ငွေ့ ရှူမိပြီး ကလေးများအပါအဝင် သက်ကြီးရွယ်အိုများ မူးလဲ၍ သတိလစ်ကာ လူပေါင်း ၃၀နီးပါး ရန်ကုန်ဆေးရုံကြီးနှင့် အင်းစိန်ပြည်သူ့ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အဆိုပါ လူနာများမှာ ရန်ကုန်ဆေးရုံကြီးတွင် ၁၂ ဦးနှင့် အင်းစိန်ဆေးရုံးကြီးတွင် ၁၆ ဦး တင်ထားရပြီး ဓာတ်ငွေ့ရှင်းလင်းမှုများကို ည ၁၀ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်းနှင့် အမိုးနီးယားဓာတ်ငွေ့ဘေးသင့်သူ ၂၉ အား ဆေးရုံသို့ပို့ဆောင်ပေးခြင်းကို ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့တို့ ပူးပေါင်းဆောက်ရွက်ခဲ့ကြသည်။



