AB News – မတ် ၂၊ ၂၀၂၆
ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲအတွင်း အာရက္ခတပ်တော် AA ထံ အလင်းဝင်ရောက်ခဲ့ပြီးနောက် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် စစ်သုံ့ပန်းမိသားစုဝင်တစ်စုအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ပါတီကော်မတီမှ ဆေးဝါးကုသမှု အကူအညီအဖြစ် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့မှုရရှိသူမှာ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက် (၁) တွင် နေထိုင်သည့် ဒေါ်ဌေးဌေးဖြူ (၃၇ နှစ်) နှင့် မိသားစုဝင်များ ဖြစ်ကြသည်။
၎င်းတို့သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ဘူးသီးတောင်အခြေစိုက် ခမရ (၅၅၁) တပ်ရင်းနှင့် ထန်းရှောက်ခံရွာအနီး တိုက်ပွဲများအတွင်း စကခ ၁၅ ဒု – တပ်မမှူး ကောင်းမြတ် ဦးဆောင်သည့် အင်အား ၃၀၀ ကျော်သည် အာရက္ခတပ်တော်ထံ လက်နက်ချအလင်းဝင်ရောက်ခဲ့သည်။
၎င်းတို့အထဲတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်မှ တပ်သားဖြစ်သူ ဦးစိုးထက်နှင့် ဇနီးဖြစ်သူ ဒေါ်ဌေးဌေးဖြူတို့ မိသားစုလည်း ပါဝင်ခဲ့သည်။
အဆိုပါ အလင်းဝင်လာသူများထဲမှ လူပေါင်း ၃၀၀ ကျော်ကို အာရက္ခတပ်တော်က ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနှင့်
အခမ်းအနား ပြုလုပ်ကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိသားစုများထံသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့သည်။
သို့သော် လွတ်မြောက်လာသည့် မိသားစုဝင်များထဲမှ အသက် ၉ နှစ်အရွယ် သားဖြစ်သူ မောင်လပြည့်အောင်မှာ ကျန်းမာရေးချို့တဲ့နေသဖြင့် လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။
“ကလေးက နေမကောင်းလို့ ဆေးကုသမှု ဆက်တိုက်ခံယူနေရပါတယ်။ တစ်ရက်ကို ဆေးဝါးစရိတ် ခန့်မှန်းခြေ ငါးသောင်းကျပ်ကျော် ကုန်ကျနေတာပါ” ဟု မိခင်ဖြစ်သူ ဌေးဌေးဖြူက ပြောသည်။
၎င်းတို့ မိသားစုကြုံတွေ့နေရသော ဆေးဝါးအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ULA ပါတီက ငွေကျပ် ၁၀ သိန်းကို လူသားချင်းစာနာထောက်ထားမှုဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထောက်ပံ့မှုနှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ပါတီဘက်မှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က ဘယ်သူ့ကိုမဆို လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး လူမျိုး၊ ဘာသာ၊ အသားအရောင် ခွဲခြားမှုမရှိပဲ လူသားဆန်စွာ ဆက်ဆံနေတာပါ။ တန်းတူညီမျှ စောင့်ရှောက်ရေးဆိုတဲ့ ပါတီရဲ့ ခိုင်မာတဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်နေခြင်းဖြစ်ပါတယ် ” ဟုဆိုသည်။
အဆိုပါမိသားစုတွင် သားသမီး ၄ ဦးရှိပြီး ခင်ပွန်းဖြစ်သူမှာ ဗမာလူမျိုး တပ်သားတစ်ဦးဖြစ်သော်လည်း ULA အနေဖြင့် လူသားချင်းစာနာမှုစံနှုန်းများအတိုင်း ဆက်လက်ကူညီစောင့်ရှောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Photo – Hein Tun/AB News
#AB_News #Arakan #Rakhine #ULAParty #ArakanArmy #HumanitarianAid #POW #Amnesty #Buthidaung #Sittwe #MedicalAssistance #HumanRights #Equality



