Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးအပြင် ရဟတ်ယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်၍ အရပ်သားပြည်သူ သေဆုံးမှုများရှိနေ

ABN-မေအိအိအောင်

ဇူလိုင် ၂၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီးအပြင် ရဟတ်ယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူများ သေဆုံးမှုရှိကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသတွင်းသတင်းအရသိရသည်။

ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့လယ်ပိုင်း အချိန်တွင် နမ့်အွန်ရွာအတွင်း စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်ကျပေါက်ကွဲ၍ ၎င်းရွာမှ အရပ်သားတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်းသိရသည်။

လက်နက်ကြီးပစ်သည့် စစ်ကောင်စီတပ်မှာ နမ့်ဖက်ကာနဲ့ မူဆယ် ၁၀၅ မိုင်ဘက်တွင်ရှိသော စစ်ကောင်စီတပ်မှဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကတည်းကပင် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့က TNLA နှင့် စစ်ကောင်စီတပ်တို့ မူဆယ် စယ်လန့်ရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် နမ့်အွန်ရွာအနီးတဝိုက်တွင် TNLA တို့ ရှိသည်ဟု စစ်ကောင်စီတပ်က ယူဆပြီး အဆိုပါရွာ နှင့်အနီးရှိတောင်ကုန်းများကို လက်နက်ပြီးနှင့်ပစ်သည့်အပြင် ရဟတ်ယာဉ်များဖြင့်လည်း လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ တစ်ဦးကပြောသည်။

ယင်းအပြင် စစ်ကောင်စီအနေဖြင့် နမ့်အွန်ဒေသကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားများကို ဦးတည်ကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ တိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၂၅ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားသည်။

ယခု ဇူလိုင်လအတွင်းတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား ကျောက်မဲ၊ မူဆယ်၊ ကွတ်ခိုင်ဒေသ၌ တိုက်ပွဲ ၅ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ကပြောသည်။

TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့ကလည်း စစ်ကောင်စီဘက်မှ ကျေးရွာဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ခဲ့ရာ လက်နက်ကျည်ထိမှန်၍ အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့တွင်ပင် ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်ကုန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ၎င်းတို့ပစ်သည့် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၄ ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ