ABN-မေအိအိအောင်
ဇွန် ၁၂ ရက်
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF )တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဘက်မှ ၄ ဦးကျဆုံးကြောင်း ဒေသတွင်းသတင်းအရသိရသည်။
ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စကစတပ်ကို ခုခံတိုက်ခိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ ရဲဘော်(၄)ဦးကျဆုံးကာ (၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအလုံး (၁၀၀)ကျော်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ ရဲဘော် (၁)ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF B-03) မှ ရဲဘော် (၂)ဦးနှင့် မြို့ပြတော်လှန်ရေးတပ်ဦး(URF)မှရဲဘော် (၁)ဦးတို့ ကျဆုံးခဲ့ရပြီး (၃)ဦးဒဏ်ရာရရှိသဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က သတင်းထုတ်ပြန်ထားသည်။
မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေ တင်းမာနေသဖြင့် ပြည်သူများ တိုက်ပွဲများဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက်တွင် အလားအလာများ မပြုလုပ်ကြရန်နှင့် မိုးဗြဲ-ပီကင်း လမ်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်လည်း အသိပေးထားသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က မိုးဗြဲမြို့နယ် စည်ကား ၁ ရပ်ကွက်မှ ညီအစ်ကို နှစ်ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် စည်းကား ၂ ရပ်ကွက်မှ မိသားစု ၃ ဦးကို ပစ်သတ်ခဲ့ကြောင်းသိရသည်။