
ABN-ရှိုင်းမိုး
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် တုံးကောက်ရွာနှင့် စီသောင်ရွာတို့ကို စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲမှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
ဧပြီလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၄ စီးက ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တုံကောက်ရွာနှင့် စီသောင်ရွာမှ လူနေအိမ်များစွာ မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်ဟု သိရသည်။
ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်တို့ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၄စီးဖြင့် ၂ ကြိမ်တိုင် လာရောက် ဗုံးကြဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၅ ရက်နေတွင်လည်း ကချင်ပြည်နယ် ရွှေကူမြို့နယ် စီသာနှင့် မံနားရွာ ၂ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
စစ်ကောင်စီက တိုက်လေယာဉ်အပြင် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် စီသာတိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါရွာနှစ်ရွာတွင် အိမ်ခြေ ၂၀၀ ခန့် ရှိသည်။






