သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရေကြောင်းတပ်ကူးပေးခြင်းက စစ်မျက်နှာများတွင် အကျိုးသက်ရောက်မှုရှိနိုင်‌ကြောင်း စစ်ခေါင်းဆောင်ပြော

AB News – ဒီဇင်ဘာ ၂၅၊၂ဝ၂၅
မောင်လိုကီ

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၊ သန်လျင်၌ ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော် (ရေ) ၇၈ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုကာလအတွင်း ရေတပ်၏ စွမ်းဆောင်မှုများ ပိုမိုအားကောင်းလာကြောင်း ပြောဆိုခဲ့သည်။

ရေတပ်အင်အားမှာ ယခင်ကဲ့သို့ မဟုတ်ဘဲ ကြည်းတပ်၊ လေတပ်နှင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်ရန်နှင့် ရေငုပ်သင်္ဘောများ၊ စစ်ရေးယာဥ်ကြီးများ၊ ကင်း‌ထောက်ရေယာဥ်များနှင့် ဖရီဂိတ်စစ်ရေယာဉ်များ၊ မြစ်တွင်း အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းများကို ရေတပ်တစ်ခုတည်းဖြင့် ပြည့်ပြည့်စုံစုံကာကွယ်နိုင်ရန် မဖြစ်နိုင်၍ ကြည်းတပ်၊ လေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့နှင့် ပေါင်းစပ်ပြီး ကာကွယ်မှသာ နိုင်ငံတော်၏ ရေကြောင်း လုံခြုံရေးအခန်းကဏ္ဍကို ပိုမိုအာမခံနိုင်မည်ဖြစ်ကြောင်းနှင့် ရေကြောင်း စစ်ဆင်ရေးသည် ဘက်စုံအသွင်ဆောင်သည့် သဘောသဘာဝရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

လိုအပ်သည်အခြေ‌အနေများတွင် အထက်အမိန့်တစ်စုံတစ်ရာကို စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်းလုပ်ဆောင်နိုင်သည့် မူဝါဒကိုပါချမှတ်ပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ စကမ ရေတပ်မှာ ရက္ခိုင့်ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားမှုများရှိနေပြီး ရေကြောင်းဖြင့် ကျောက်ဖြူသို့ စကမ တပ်သားများ တပ်ကူပိုဆောင်လျက်ရှိသည်။

အဆိုပါ ရေတပ်စစ်‌သ‌‌င်္ဘောများမှ လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ရက္ခိုင့်ကမ်းရိုးတန်းရှိ ကျေးရွာများနှင့် ဒေသခံပြည်သူများ ထိခိုက်မှုများရှိနေပြီး အချို့ဒေသများတွင် နေရပ်စွန့်ခွာပြီး စစ်ရှောင်နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ