Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ် စာသင်ကျောင်းတွင် စစ်ကောင်စီအဖွဲ့ ထောင်ထားခဲ့သည့် မိုင်းကိုနင်းမိ၍ အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကံပြင်ရွာ စာသင်ကျောင်းတွင် စစ်ကောင်စီအဖွဲ့က ထောင်ထားခဲ့သည့် မိုင်းကိုနင်းမိ၍ အသက် ၁၆ နှစ်အရွယ် လူငယ် ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှ အဖ ဦးထွန်းစိုး၏သား အသက် ၁၆ နှစ်အရွယ် မောင်ခင်မောင်သန်းဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ အဖ ဦးခင်မောင်လှိုင်၏သား အသက် ၁၈ နှစ်အရွယ် အောင်မိုးဦး နှင့် အဖ ဦးသိန်းမောင်၏သား အသက် ၁၆ နှစ်အရွယ် စိုးတင်သန်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၃ ဦးသည် ယနေ့ မေလ ၁၅ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကျောက်တန်းရွာမှ ကံပြင်ရွာ စာသင်ကျောင်းသို့သွားစဥ် စာသင်ကျောင်းအနီး စစ်ကောင်စီအဖွဲ့က ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းကို နင်းမိပြီး ၁ ဦးသေဆုံးကာ ၂ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူတို့ ၃ ယောက်က ကံပြင်ရွာကျောင်းဖက်ကိုသွားပါတယ်။ ကျောင်းအနီးမှာစစ်ကောင်စီက ထောင်ထားခဲ့တဲ့ မိုင်းကိုနင်းမိသွားတယ်။ ဒဏ်ရာပြင်းထန်လို့ ဆေးရုံကိုပို့လိုက်တယ်။ ဆေးရုံကိုသွားတဲ့လမ်းမှာ သေဆုံးသွားတယ်။ ၂ ယောက်ကဒဏ်ရာရသွားတယ်” ဟုဆိုသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသူတွင် ဘယ်ဖက်ခြေပြတ်ထွက်သွားပြီး၊ အင်္ဂါစပ်၌ ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသွားခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

မောင်အောင်မိုးဦးမှာ မျက်နှာတွင် ကျည်စထိမှန်သွားခဲ့ပြီး မောင်စိုးတင်သန်းမှာလည်း ခန္ဓာကိုယ်၌ ကျည်စထိမှန်သွားခဲ့သည့်အတွက် နီးစပ်ရာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အကြမ်းစစ်ကောင်စီ၏ တပ်စွဲထားခဲ့သည့်နေရာများတွင် ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများ နေရာအနှံ့ ရှိနေနိုင်၍ မသွားရောက်သင့်ပါ။ 

စစ်ကျန်မိုင်း၊ လက်နက်များကြောင့် ကျေးလက်နေ ကလေးသူငယ်များနှင့် အပြစ်မဲ့ ပြည်သူများမှာ စဥ်ဆက်မပြတ် ဒဏ်ရာရ၊ သေဆုံးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ