သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်​နယ်တွင် ဒေသခံ ၁၄၀၀ ကျော်ကို AA က စားနပ်ရိက္ခာထောက်ပံ့

AB News – မတ် ၂၂ ၊ ၂၀၂၅

ရက္ခိုင်ပြည် ၊ ရသေ့တောင်​မြို့နယ်တွင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသူများထဲမှ နေရပ်ပြန်လည်ဝင်ရောက်​နေထိုင်လျှက်ရှိသော ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူ ၁၄၀၀ ကျော်ကို အာရက္ခတပ်တော် AA က စားနပ်ရိက္ခါထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

AA က ရသေ့တောင်မြို့နယ် ကုလားချောင်း ၊ အမျက်တောင် ၊ မညှင်းတောင်နှင့် ဆောက်ခတ် ကျေးရွာ ၄ ရွာ​ရှိ နေရပ်ပြန် ဒေသခံပြည်သူများကို မတ်လ ၁၄ ၊ ၁၅ ၊ ၁၆ ရက်နေ့တို့တွင် စားနပ်ရိက္ခာ ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်သည်။

ပြန်လည်ဝင်ရောက်နေထိုင်နေသော ဒေသခံပြည်သူ ကျား/မပေါင်း (၁၄၀၀) ကျော်ကို ဆန်အိတ် ၁၅၀ အိတ်ခန့် ထောက်ပံ့ကူညီပေးခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သို့ပြောသည်။

” လူ၁ ယောက်ကို တစ်ရက်လျှင် ဆန် ၂ ဗူးနှုန်းနဲ့ ၁၀ ရက်အတွက် AA က ဆန်​ပေးခဲ့တာပါ။ ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတယ်။ ထပ်ပြီးလည်း ကူညီစေချင်တယ်” ဟု ဆိုသည်။

ရက္ခိုင်မှ လွတ်မြောက်ဒေသတို့တွင် အာရက္ခတပ်တော် AA က နယ်လှည့်ပြီး စားနပ်ရိက္ခါ ထောက်ပံ့ပေးသည့်အပြင် ပြည်သူများအတွက် ဆေးဝါးများ အခမဲ့ ကုသပေးမှုများလည်း လုပ်ဆောင်ပေးလျှက်ရှိကြောင်း သိရသည်။

ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ စစ်ကောင်စီက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခဲ့သောကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် စက်သုံးဆီများ ပြတ်တောက်ခဲ့ရသည်။

အာရက္ခတပ်တော် ဆေးတပ်ဖွဲ့မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ရက်နေ့ကလည်း မောင်တောမြို့နယ်၊ တရိန်းရွာ အုပ်စုမှ ကျန်းမာရေး မကောင်းသော ဒေသခံပြည်သူ ၄၄ ဦးတို့ကိုလည်း သွားရောက် ဆေးကုသပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ကြိမ်ချောင်းရွာအုပ်စုမှ ဒေသခံပြည်သူ ၁၆၃ ဦးတို့ကိုလည်း ဆေးကုသပေးခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး နေရပ်ပြန် ပြည်သူများကိုလည်း အာရက္ခတပ်တော် AA က စားနပ်ရိက္ခာထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ