
AB News- ဇူလိုင် ၁၀၊ ၂၀၂၅
မျိုးဟိန်း
ရက္ခိုင်ပြည်၊ မြောက်ဦး၊ မင်းပြား၊ မောင်တောနှင့် ကျောက်တော် စသည့် မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စပါးခင်းများ ရေနစ်မြုပ်လျက်ရှိရာ လယ်သမားများမှာ စပါးပင်များ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်နေကြကြောင်း AB News က ကွင်းဆင်း တွေ့ရှိခဲ့ရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၄ ရက်ကြာရေနစ်မြုပ်ခံခဲ့ရသည့် စပါးပင်များ ပျက်စီးသွားမည်ကို စိုးရိမ်နေကြောင်း မြောက်ဦးမြို့နယ်
ကျောက်ကျပ်ကျေးရွာမှ လယ်သမား ဦးမောင်ကျော်သန်းက AB News သို့ ပြောသည်။
“မိုးက တောက်လျှောက်ရွာနေတော့ ရေကလည်း တိုးလာတယ်။ စပါးပင်တွေ ရေနစ်နေတာ ၄ ရက်ရှိပြီ။ ဒီအတိုင်းသာ မိုးဆက်ရွာနေရင်တော့ စပါးပင်တွေ ပျက်စီးသွားနိုင်တယ်။ ပျက်စီးသွားမှာကိုလည်း စိုးရိမ်နေရပါတယ်” ဟု ဆိုသည်။
လက်ရှိ မိုးစပါးစိုက်ပျိုးနေသည့်ကာလ၌ ရေကြီးမှုများဖြစ်ပေါ်နေခြင်းကြောင့် စိုက်ပျိုးထားသော စပါးပင်များ ပုပ်ပျက်မည်ကို ဒေသခံတောင်သူများက စိုးရိမ်ပူပန်နေကြကြောင်း မောင်တောမှ လယ်သမား တစ်ဦးက ပြောသည်။
“ဒီနှစ် မိုးကလည်း သည်းလိုက်တာ မပြောပါနဲ့တော့ဗျာ။ စပါးတွေကလည်း ခုမှ စိုက်ထားတာဆိုတော့ ရေထဲမှာ နစ်နေတာတွေ အများကြီးပဲ။ မနှစ်ကလည်း ရေကြီးလို့ အထွက်နှုန်းတွေ ထိခိုက်ခဲ့ရတာ၊ ဒီနှစ်ပါ ထပ်ဖြစ်မှာကို စိုးရိမ်နေကြတာပေါ့။ တောင်သူဦးရေက များတာဆိုတော့ စားဝတ်နေရေးအတွက် စပါးက အဓိကပဲလေ။ အခုလို ရေကြီးနေတော့ ရေပြန်ကျဖို့လည်း ဘယ်လောက်ကြာဦးမလဲ မသိဘူး။ ရေကျလို့ စပါးပင်တွေ ပုပ်ကုန်ရင်တော့ ဒီနှစ် စပါးအထွက်က သိပ်မကောင်းနိုင်တော့ဘူး ဟု ဆိုသည်။
မင်းပြားမှ ဦးစိန်လှမောင်က “မိုး တော်တော်ရွာတယ်။ မြစ်ရေ၊ ချောင်းရေတွေကလည်း တက်လာတာဆိုတော့ လယ်ကွင်းတွေထဲ ရေဝင်နေတာ အတော်များနေပြီ။ တချို့ မြေနိမ့်တဲ့ လယ်တွေဆို ရေကြီးတာကြာရင် ရေစိမ်ပြီး ပုပ်ကုန်တာတွေလည်း ရှိတယ်။ လယ်သမားတွေကတော့ တစ်နှစ်လုံး ပင်ပင်ပန်းပန်း လုပ်ထားတာ စပါးလေးတွေ ပျက်စီးသွားမှာကို အရမ်းပူနေကြရတာ ဟု ဆိုသည်။
ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်ခံခဲ့သည့် စပါးပင်များတွင် ရေစီးနှင့်အတူပါလာသော ရွံ့များသည် ကပ်ကျန်နေပြီး စပါးပင်များ ပျက်စီးဆုံးရှုံးနိုင်ခြေရှိကြောင်း ကျောက်တော်မြို့နယ်၊ ညောင်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရေတွေမှာက ရွံ့တွေပါတော့ စပါးပင်တွေမှာ ကပ်ကျန်နိုင်တယ်။ အဲလိုကပ်ကျန်နေခဲ့ရင်တော့ စပါးပင်တွေ ပျက်စီးသွားနိုင်တယ်” ဟုဆိုသည်။
ရေကြီးနစ်မြုပ်မှုကြောင့် ကျေးရွာအချို့တွင် မွေးမြူရေးတိရစ္ဆာန်များ သေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
ဦးမောင်ကျော်သန်းက “ရေကြီးလာတော့ ကျနော့်မှာ မွေးမြူထားတဲ့ ဝက်နှစ်ကောင်လည်း သေဆုံးသွားခဲ့တယ်။ လူတွေလည်း ရွာဦးဘုန်းတော်ကြီးကျောင်းဆီသို့ တိမ်းရှောင်ခဲ့ရတယ်” ဟု ပြောသည်။
ထို့အပြင် ရက္ခိုင်ဒေသအတွင်း ယခုနှစ် လယ်ယာလုပ်ငန်းအတွက် သွင်းအားစုစရိတ်များမှာ ယခင်နှစ်ထက် ပိုမိုမြင့်မားနေသောကြောင့် ဒေသတွင်း လယ်ယာလုပ်ကိုင်မှု လျော့နည်းလာနေသည်။
အချို့လယ်သမားများမှာလည်း အလုပ်လက်မဲ့အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။
ရေကြီးရေလျှံမှုအပြင် သွင်းအားစုစရိတ် မြင့်တက်ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းတို့သည် ရက္ခိုင်က လယ်သမားများ၏ လူမှုစီးပွားကို ပိုမိုခက်ခဲစေလာနိုင်ကြောင်း ဒေသခံများက ထောက်ပြကြသည်။