သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မှ မိုင်းလားဒေသ စိုက်ခင်းတွင် အလုပ် လုပ်ကိုင်နေသည့် ခင်ပွန်းက ဇနီးအား အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်

AB News – ဇန်နဝါရီ ၂၊ ၂၀၂၆
စကြာ

အထူးဒေသ ၄၊ မိုင်းလားမြို့အနီးရှိ စိုက်ခင်းတွင် အလုပ် လုပ်ကိုင်နေသည့် ခင်ပွန်းဖြစ်သူက ဇနီးအား အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း ကျူးလွန်ခံရသည့် မိသားစုဝင်များက ဆိုကြသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မိုင်းလားမြို့အနီး စိုက်ခင်းတွင် လုပ်ကိုင်နေသည့် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သင်္ကတန်းရွာမှ ခင်ပွန်းဖြစ်သူ ဦးဝင်းမောင် (၄၂)နှစ်က ပုဏ္ဏားကျွန်းမြို့နယ်၊ မြင်းကတ္တောရွာမှ ဇနီးဖြစ်သူ မအေးမြင့်(မနု)အား မျက်နှာနှင့် ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးအား ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ မြင်းကတ္တောရွာမှ ဆွေမျိုးတော်စပ်သူတစ်ဦးက AB News သို့ ပြောသည်။

“မနုရဲ့ မျက်နှာနဲ့ ဦးခေါင်းမှာ ဒဏ်ရာအပြင်းအထန် ရထားပါတယ်။ ယောင်္ကျားဖြစ်သူက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်နှက်ထားတယ်။ လူသူမသိအောင် သူမကို စောင်ခြုံပြီး ရိုက်နှက်တယ်။ လူမကြားနိုင်တဲ့ နေရာကို ခေါ်ပြီး ရိုက်တယ်။ သူမရဲ့ တင်ပါးကို ပေါက်တူးနဲ့ ပေါက်တာထိ ရှိတယ်၊ မသေရုံပဲ ကျန်တယ် ” ဟု ဆိုသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် ဦးဝင်းမောင်သည် ဇနီးဖြစ်သူ မအေးမြင့်၏ ဦးခေါင်းအား ဓားဖြင့် တစ်ကြိမ် ထိုးခဲ့ကြောင်း စုံစမ်းသိရသည်။

“သူတို့က စရောက်တဲ့ လမှာတော့ ရန်မဖြစ်ဘူး။ ကျန်လတွေမှာဆို တစ်လမှာ ၅ကြိမ်လောက် ရန်ဖြစ်ကြတယ်။ သူမိန်းမရဲ့ ဦးခေါင်းကို ဓားနဲ့ တစ်ကြိမ် ထိုးခဲ့တယ်” ဟု နောက်ထပ် အမည်မဖော်လိုသူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် ဦးဝင်းမောင်၏ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မအေးမြင့်(မနု)၏ ဦးနှောက်အတွင်း သွေးပြန့်ခဲ့ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပြန်လည်သတိရခဲ့သော်လည်း သူမ၏ မျက်လုံးတစ်ဖက် ဖွင့်မရဘဲ ဖြစ်နေသည်။

မအေးမြင့်(မနု)၏ ဦးနှောက်အတွင်း သွေးပြန့်ခြင်းကြောင့် သူမ၏ စိတ်ပုံဖြစ်/မဖြစ်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မိုင်းလားမြို့အတွင်း ဆေးကုသမှု ခံယူနေသည့် ဆေးရုံမှ ဆရာဝန်ကြီးက ပြောဆိုထားကြောင်း သိရှိရသည်။

မအေးမြင့်မှာ ဆေးရုံတက်၍ ဆေးကုသရန် ငွေကြေးမတတ်နိုင်သောကြောင့် သူမ လုပ်ကိုင်နေသည့် စိုက်ခင်းတွင်သာ ဆေးဝါးသောက်သုံးနေရကြောင်း သိရှိရသည်။

ဦးဝင်းမောင်နှင့် မအေးမြင့်တို့ လင်မယားနှစ်ဦးမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လမှ စ၍ မိုင်းလားမြို့အနီးရှိ စိုက်ခင်းတွင် လုပ်ကိုင်ခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ ဒေသခံများက ဆိုကြသည်။

အိမ်တွင်းအကြမ်းဖက်မှု #AB_News #မိုင်းလား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ