သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်မှ စစ်ဘေးရှောင်များအတွက် အနွေးထည်၊ စောင်များလှူဒါန်းရန် PYA က အွန်လိုင်းမှ အလှူငွေကောက်ခံနေ

AB News နိုဝင်ဘာ ၂၂၊ ၂၀၂၅
မောင်လိုကီ

ရက္ခိုင်ပြည်မှ စစ်ရှောင်ပြည်သူများအတွက် အနွေးထည်၊ စောင် ဒေသအခေါ် (ပုဆိုး) လှူဒါန်းရန် ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံး (Ponnagyan Youths Association )-PYAက အလှူငွေ ကောက်ခံနေကြောင်း သိရသည်။

စစ်ရှောင်ပြည်သူများ ဆောင်းတွင်းအသုံးပြုနိုင်ရန် “အနွီးဓာတ်ကူ ငါရို့ အလှူ” ဟူသော ဆောင်ပုဒ်နှင့် “အနွေးထည်ထောက်ပံ့ရေး ကမ်ပိန်း “တစ်ခုကို PYA ကလုပ်ဆောင်လျက်ရှိနေသည်။

“ရည်ရွယ်ချက်ကတော့ စစ်ရှောင်ပြည်သူတွေ ဆောင်းတွင်းဘက် နွေးနွေးထွေး‌‌ထွေး ရှိစေဖို့ပါ၊ လှူမှာ ကတော့ ရက္ခိုင်ပြည်တစ်ဝန်းက စစ်ရှောင် အိမ်ထောင်စု (၂၀၀၀ ) ကျော်ကို တစ်အိမ် စောင် အကြီးတစ်ထည်ကျစီ လှူဒါန်းသွားမှာပါ၊ ဘယ်လိုအခြေအနေအထိ လုပ်ဆောင်နိုင်မလဲဆိုတာတော့ ခန့်မှန်းလို့ မရဘူး၊ အခြားအဖွဲ့အစည်းတွေကလည်း စစ်ရှောင်တွေအတွက် အစစအရာရာကူညီနိုင်အောင် ကြိုးစားနေကြပါတယ်” ဟု PYA ၏ ဒု-ဥက္ကဌ ကိုကျော်ဝင်းထွန်း က AB News သို့ပြောသည်။

၎င်းကမ်ပိန်းကို အောက်တိုဘာ ၉ရက်နေ့မှ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး အနွေးထည်ထောက်ပံ့ရန်အလှူငွေ ကျပ်သိန်း( ၁၀၀၀ )အထိမျှော်မှန်းထား‌ကြောင်းနှင့် အလှူငွေများကို ၎င်းအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် အလှူလက်ခံလျက်ရှိနေပြီး တစ်မိသားစုလျှင် စောင် အကြီး တစ်ထည်ကို ( ၅၀၀၀၀ ) ကျပ်နှုန်းဖြင့် ကောက်ခံနေကြောင်းပြောသည်။

အလှူငွေကောက်ခံခြင်းကို PYA ဖေ့စ်ဘုတ် လူမှုစာမျက်နှာမှ ကောက်ခံနေခြင်းဖြစ်ပြီး အင်တာနက်လိုင်းများအဆင်ဖြေမှုကြောင့် အလှူငွေကောက်ခံရာတွင် အခက်အခဲများရှိနေကြောင်း PYA ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က AB Newsသို့ပြောကြားထားသည်။

“ကျနော်တို့က အွန်လိုင်းကနေဘဲ အလှူငွေတွေကောက်ခံတာဖြစ်ပါတယ်၊ လိုင်းကနေအလှူငွေကောက်ခံရတာဆိုတော့ ကျနော်တို့မှာက အင်တာနက် အသုံးပြုရတာ အဆင်မပြေတာတွေရှိတယ်။ အလှူရှင်တွေ အလှူငွေထည့်ဝင်ဖို့လာပြောတဲ့အချိန်တွေ ကျနော်တို့ဘက်က ပြန်မပြောလိုက်ရတဲ့အခြေနေတွေလည်း ရှိတယ်။ အဲ့‌တာကြောင့် ခန့်မှန်းထားတဲ့အလှူငွေ ရရှိမှုနည်းနေတာပါ ” ဟုပြောကြားသည်။

အခုလက်ရှိ အနီးအနားရှိ စစ်ရှောင်ပြည်သူ အ‌နည်းစု‌ကို စောင်လှူဒါန်းထားပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ကျနော်တို့က ရက္ခိုင်ပြည်တွင်းက စစ်ရှောင် အိမ်ထောင်စု (၂၀၀၀ ) ကျော်ကို လှူဒါန်းမှာပါ၊ ငွေကြေးအခက်အခဲလေးတွေ ရှိနေတော့ တစ်ပြည်လုံးအတိုင်းအတာထိ လှူဒါန်းနိုင်တာတော့ မရှိသေးပါဘူး၊ ဒါပေမဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင် ၃၀ကျော်လောက်ကိုတော့ လှူဒါန်းထားပြီးဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါ PYAအဖွဲ့မှာ ဒေသဖွံဖြိုးတိုးတက်ရေး၊ လူမှု‌ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရက္ခိုင်ဒေသအပါအဝင် ၎င်းတို့ လက်လှမ်းမီသည့် တခြားသော ဒေသများတွင်လည်း ကူညီထောက်ပံ့ရေးလုပ်ငန်းတာဝန်များကို လုပ်ဆောင်လျက်ရှိကြောင်းသိရှိရသည်။

ယခုအခါ ရက္ခိုင်ပြည်တွင်းတွင် စစ်ဘေးရှောင် ဦးရေ ‌၆သိန်းနီးပါး အထိရှိလာနေပြီး စစ်ဘေးရှောင်များမှာ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာဆက်လက်သင်ကြားနိုင်ရေး စသည့်အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ