AB News – မတ် ၅၊ ၂၀၂၆
ရက္ခိုင်ပြည် မြောက်ပိုင်းရှိ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင် ၄ နှစ်တာကာလအတွင်း အကြမ်းဖက်မူဆလင်လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၁၆၂ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးရုံး(HDCO) မှ မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့အပြင် ပျောက်ဆုံးနေသူ ၃၃ ဦး ရှိပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ၁၅ ဦးခန့်ရှိကြောင်း HDCO ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ရက္ခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ARSA၊ RSO၊ ARAနှင့် RIM စသည့် မူဆလင်လက်နက်ကိုင်အဖွဲ့အစည်းများသည် အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးခဲ့သည့် အရပ်သား ၁၆၂ ဦးတို့သည် မောင်တောမြို့သိမ်းတိုက်ပွဲနှင့် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲတို့အတွင်း သေဆုံးသူအချို့ရှိခဲ့ပြီး ခြုံခိုပစ်ခတ်မှုများနှင့် ဖမ်းဆီးသတ်ဖြတ်မှုကြောင့်လည်း သေဆုံးသူအချို့ရှိခဲ့ကြောင်း HDCO က ဖော်ပြထားသည်။
သေဆုံးခဲ့သူများမှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ရက္ခိုင်အပါအဝင် မူဆလင်၊ ဟိန္ဒူ၊ မြို၊ ခမီ လူမျိုးစုများ ဖြစ်ကြသည်။
၎င်းတို့သည် နေအိမ်အတွင်း၌ သတ်ဖြတ်ပစ်ခတ်ခံရမှု၊ ခရီးသွားစဥ် ချောင်းမြောင်းခြုံခိုပစ်ခတ်ခံရမှုတို့အပြင် တောတောင်အနီးဝန်းကျင်၌ နွားကျောင်းသွားစဥ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်း တို့ဖြစ်ကြသည်။
စစ်ကော်မရှင်တပ်သည် မောင်တောနှင့် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲအတွင်း မူဆလင်များအား လက်နက်အင်အားများဖြင့် ပြည်သူ့စစ်အဖြစ် လေကျင့်ပေးခဲ့ကာ အာရက္ခတပ်တော်(AA) ကို ပူးပေါင်းတိုက်ခိုက်ရန် အမိန့်ပေးစေခိုင်းခဲ့သည်။
ယင်းအပြင် မောင်တောခရိုင်မှ အာရက္ခတပ်တော်(AA) ကို တိုက်ထုတ်မည်ဟုဆိုကာ ARSA၊ RSO၊ ARAနှင့် RIM မွတ်ဆလင်တပ်ဖွဲ့ ၄ ခု ပေါင်းစည်းပြီး Four Brothers Alliance အဖွဲ့ကို ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မောင်တောမြောက်ပိုင်း တောင်ပြိုဒေသနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်တွင် မူဆလင်လက်နက်ကိုင်အုပ်စုများ ယာယီစခန်းများ တည်ဆောက်ကာ အခြေစိုက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ AA တပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

