သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ပြည်အတွင်း နေရပ်စွန့်ခွာ စစ်ဘေးရှောင် ၅သိန်း ၅သောင်းကျော်ရှိပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် နေစရာအဆောက်အအုံများ အရေးပေါ်လိုအပ်နေကြောင်း HDCO ၏အစီရင်ခံစာတွင်ဖော်ပြ

AB News-ဒီဇင်ဘာ ၁၉၊၂၀၂၄

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၅ သိန်း ၅ သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရက္ခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် စစ်ဘေးရှောင်များ ရှိနေပြီး ၎င်းတို့မှာ လူဦးရေထူထပ်သော စစ်ဘေးရှောင် စခန်းများ၊ ဆွေမျိုးအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း အပါအဝင်အဆောက်အအုံများနှင့် အခြေခံ ဝန်ဆောင်မှုများကို လက်လှမ်းမမီသည့် ဝေးလံခေါင်ဖျားသည့် ဒေသများတွင်နေထိုင်နေကြရသည်။

ရက္ခိုင်တပြည်လုံးတွင် စစ်ဘေးရှောင် ဦးရေ စုစုပေါင်း ၅၅၃,၆၉၆ ဝန်းကျင်ရှိနေပြီး ပေါက်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွင် အများဆုံးဖြစ်ကာ မြောက်ဦး၊ မောင်တော၊ သံတွဲ မြို့နယ်တို့တွင် ဒုတိယအများဆုံးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါစစ်ဘေးရှောင်များအတွက် ဆန်၊ အဆောက်အအုံ (တဲ)၊ ဆေးဝါး၊ အဟာရပြည့်အစားအစာ စသည်တို့ကို အရေးပေါ်အကူအညီအထောက်အပံ့လိုအပ်နေကြောင်း သိရသည်။

အာရက္ခတပ်တော်သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ မြို့နယ်များနှင့် ပလက်ဝမြို့နယ်တို့ကို အပြီးတိုင် သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်များမှာ နေရပ်ပြန်ရန် အခက်တွေ့နေကြသည်များရှိသည်။

ထို့အပြင် စစ်ရေးပြင်းထန်နေဆဲ ဖြစ်သည့် စစ်တွေ၊ အမ်း၊ ဂွ နှင့် ကျောက်ဖြူမြို့နယ်များမှ ပြည်သူများမှာလည်း နေရပ်ပြန်ရန် လုံးဝ မဖြစ်နိုင်သေးသည့်အပြင် ထိုဒေသများမှ စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ အဆောက်အအုံများ လိုအပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ